“ဘာကိုလာ ဒဏ်ရာရခြင်းမရှိဟုပြောကြားခဲ့တဲ့ လီဗာပူးလ်နည်းပြ အိုင်ရာအိုလာ”
11 Sep
အက်သလက်တီကိုအသင်းနဲ့ ကစားတဲ့ပွဲမှာ လူစားလဲလိုက်ရတဲ့ တောင်ပံတိုက်စစ်မှူး ဘာကိုလာ အနေနဲ့ ဒဏ်ရာရခဲ့တာမရှိဘဲ ကြွက်သားနာကျင်မှုကြောင့် လူစားလဲခဲ့တာဖြစ်တယ်လို့ လီဗာပူးနည်းပြ အိုင်ရာအိုလာ က ဖြေရှင်းခဲ့ပါတယ်။ လီဗာပူးအသင်းဟာ အသက် ၂၄ နှစ်အရွယ် ဘာကိုလာ ကို ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့ကြေးပေါင် ၁၂၃ သန်းနဲ့ ခေါ်ယူထားခဲ့တာဖြစ်ပြီး အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ အသင်းရဲ့ ပွဲထွက် စာရင်းမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာကိုလာ ဟာ ပွဲချိန် မိနစ် ၆၀ အရောက်မှာပဲ ခြေသလုံးနာကျင်မှုကြောင့် ကွင်းထဲမှာ ဆေးကုသ မှုခံယူခဲ့ရပြီးနောက် အသင်းဖော် ဗစ်တာမူနော့ဇ် နဲ့ လူစားလဲခံလိုက်ရတာ ဖြစ်ပါတယ်။ ဘာကိုလာ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး ရက်ပေါင်း ၃၀ လောက် လေ့ကျင့်မှုတွေနဲ့ ဝေးကွာခဲ့သလို ရာသီကြိုခြေစမ်းပွဲတွေလည်း ကစားခဲ့ရခြင်း မရှိသလို ကြံ့ခိုင်မှုအားနည်းကာ ကြွက်တက်သလိုဖြစ်ခဲ့လို့ လူစားလဲလိုက်ရတာဖြစ်ပြီး သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေကို သေချာစောင့်ကြည့်သွားရမှာဖြစ်တယ်လို့ နည်းပြ အိုင်ရာအိုလာ က ပြောကြားသွားခဲ့ပါတယ်။ အက်သလက်တီကိုအသင်းနဲ့ပွဲမှာ ဘာကိုလာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အခွင့်အရေးတချို့ ဖန်တီးပေးနိုင်ခဲ့တဲ့ ခြေစွမ်းအပေါ် ကျေနပ်တယ်လို့လည်း အိုင်ရာအိုလာ က ပြောကြားသွားခဲ့ပါတယ်။ (NVS 008)