“၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲအတွက် တီမောအသင်းနဲ့ စတင်ကစားရမယ့် မြန်မာအသင်း”
11 Sep
မြန်မာ့လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မယ့် ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Divisionအတွက် အုပ်စုခွဲဝေမှုကို စက်တင်ဘာလ ၉ ရက်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က အတည်ပြုထုတ်ပြန် လိုက်ပါတယ်။ ဖီဖာရဲ့ တရားဝင်သတင်းထုတ်ပြန်မှုအရ အစောပိုင်းကတည်းက သတင်းများထွက်ပေါ်ခဲ့တဲ့အတိုင်း အုပ်စု အပြောင်းအလဲများဖြစ်ခဲ့ပြီး ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အုပ်စု(A)မှာ အိမ်ရှင် ဟောင်ကောင်၊ လာအို၊ ဘရူနိုင်း၊ အုပ်စု(B)မှာ မြန်မာ၊ ကမ္ဘောဒီးယား၊ တီမောအသင်းတို့ ကျရောက်ခဲ့ပါတယ်။ မြန်မာ့လက်ရွေးစင်အသင်းဟာ ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲ Challenge Division အုပ်စုပွဲများအဖြစ် စက်တင်ဘာလ ၂၄ ရက်မှာ တီမောအသင်း၊ စက်တင်ဘာ ၂၇ ရက်မှာ ကမ္ဘောဒီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဖီဖာ က ၂၀၂၆ ဖီဖာအာဆီယံဖလားပြိုင်ပွဲကို အတန်းနှစ်တန်းခွဲ၍ Premier Division နဲ့ Challenge Division အဖြစ် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဖီဖာ ရဲ့ Premier Division ကို အင်ဒိုနီးရှားနိုင်ငံနဲ့ Challenge Division ကို ဟောင်ကောင်နိုင်ငံတို့မှာ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရပါတယ်။ (NVS 008)