“ချန်ပီယံလိဂ်ပွဲစဉ်(၁)မှာ သွင်းဂိုးစုစုပေါင်း ၆၉ ဂိုးနဲ့ ဂိုးအများဆုံးအဖွင့်ပွဲစဉ်အဖြစ် စံချိန်တင်”
11 Sep
လက်ရှိချန်ပီယံလိဂ် League Phase အဆင့်ရဲ့ ပွဲစဉ်(၁)မှာ သွင်းဂိုးစုစုပေါင်း ၆၉ ဂိုးရှိခဲ့တာကြောင့် ဂိုးအများဆုံးအဖွင့်ပွဲစဉ်အဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲကို အခုလိုမျိုး League Phase အဆင့်နဲ့ ယှဉ်ပြိုင်မှုက ၂၀၂၄-၂၅ ရာသီမှာ စတင်ခဲ့တာ ဖြစ်ပြီး ပထမဆုံးရာသီရဲ့ ပွဲစဉ်(၁)မှာ သွင်းဂိုး ၅၇ ဂိုးသာရှိခဲ့ပြီး ၂၀၂၅-၂၆ ရာသီ ပွဲစဉ်(၁)မှာလည်း သွင်းဂိုး ၆၇ ဂိုးသာ ရှိခဲ့ပါတယ်။ ဒါကြောင့် အခု ၂၀၂၆-၂၇ ရာသီ ပွဲစဉ်(၁)မှာ သွင်းဂိုး ၆၉ ဂိုးအထိ ရှိခဲ့ခြင်းက စံချိန်သစ် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၆-၂၇ ရာသီ ချန်ပီယံလိဂ် League Phase အဆင့်မှာ ပွဲစဉ်(၁)ကို ၃ ရက်ခွဲကာ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး အင်္ဂါနေ့မှာ ၂၁ ဂိုး၊ ဗုဒ္ဓဟူးနေ့မှာ ၂၅ ဂိုး၊ ကြာသပတေးနေ့မှာ ၂၃ ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ ဂိုးအများဆုံး သွင်းခဲ့တဲ့အသင်းက ၆ ဂိုးသွင်းခဲ့တဲ့ PSG ဖြစ်ပြီး အသင်း ၃၆ သင်းထဲမှာ ဂိုးမသွင်းနိုင်တဲ့အသင်း ၅ သင်းသာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ပွဲစဉ်တစ်ခုချင်းအလိုက် သွင်းဂိုးအများဆုံးအဖြစ် စံချိန်တင်ထားတာကတော့ ၂၀၂၅-၂၆ ရာသီက ပွဲစဉ်(၃)ဖြစ်ပြီး စုစုပေါင်း ၇၁ ဂိုး သွင်းယူခဲ့ခြင်းဖြစ်ပါတယ်။ လက်ရှိရာသီ ချန်ပီယံလိဂ်ပွဲစဉ်(၁)မှာ ဟက်ထရစ် သွင်းယူနိုင်တဲ့ကစားသမား ၂ ဦးရှိခဲ့ပြီး စတုဂတ်တိုက်စစ်မှူး ဒီမီရိုဗစ် နဲ့ PSG တိုက်စစ်ကစားသမား ဖယ်ရန်တောရက်စ် တို့ ဖြစ်ပါတယ်။ (NVS 008)