“တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသူများအတွက် GACC မှတ်ပုံတင်ရေးသင်တန်း ပဉ္စမအကြိမ်ဖွင့်လှစ်”

11 Sep

တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်နှင့် ဆန်ကွဲများ တင်ပို့နိုင်ရေးအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ GACC မှတ်ပုံတင်ခွင့်ရရှိရေးသင်တန်းကို စက်တင်ဘာလ ၉ ရက်က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမမှာ ပဉ္စမအကြိမ်အဖြစ် ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါသင်တန်းမှာ တရုတ်နိုင်ငံသို့ ဆန်နှင့် ဆန်ကွဲတင်ပို့ရာ၌ လိုက်နာရမည့် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား Sanitary and Phytosanitary (SPS) Protocol ပါသတ်မှတ်ချက်များ၊ သိုလှောင်ရုံများမှာ ပိုးမွှားထိန်းချုပ်ကာကွယ် ရေး၊ အစားအသောက်ဘေးကင်းလုံခြုံရေးနှင့် ဆန်စက်၊ သိုလှောင်ရုံများ၏ အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာကုန်ပစ္စည်းစစ်ဆေးရေးနှင့် စမ်းသပ်မှု လုပ်ငန်းလီမိတက်(MITS) တို့မှ တာဝန်ရှိသူများက GACC မှတ်ပုံတင်ရေးလုပ်ငန်းစဉ်များနှင့် Online Registration လျှောက်ထားရာမှာ သတိပြုရမည့်အချက်များကို လမ်းညွှန်ဆွေးနွေးခဲ့ကြပါတယ်။ သင်တန်းမှာ တရုတ်ဈေးကွက်အပြင် ဥရောပ၊ အာဖရိကနှင့် အာရှဈေးကွက်များသို့ ဆန်နှင့်ဆန်ကွဲပို့ကုန် ဈေးကွက် ချဲ့ထွင်နိုင်ရေး၊ ပို့ကုန်ဝင်ငွေ အချိန်မီပြန်လည်ဝင်ရောက်ရေးနှင့် MyRO တွင် သိုလှောင်ရုံမှတ်ပုံတင်ရေး လုပ်ထုံးလုပ်နည်းများကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။ အဆိုပါသင်တန်းသို့ ကုမ္ပဏီ ၃၇ ခုမှ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း ၈၀ ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာဈေးကွက် သတ်မှတ်ချက်များနှင့်အညီ အရည်အသွေးမီ ဆန်နှင့် ဆန်ကွဲများ တင်ပို့နိုင်ရေးအတွက် လိုအပ်သည့် အသိပညာနှင့် လုပ်ထုံးလုပ်နည်းများကို လေ့လာခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)

11 Sep

ADVERTISE HERE .