“တောင်သူလက်ဝယ်အရောက် ယူရီးယားဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးမည်”
11 Sep
ယူရီးယားဓာတ်မြေဩဇာများ တောင်သူလက်ဝယ်အရောက် ဖြန့်ဖြူးမှာဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ အရှေ့အလယ်ပိုင်းပဋိပက္ခဖြစ်ပွားခြင်းကြောင့် ၂ဝ၂၆ ခုနှစ် မတ်လနောက်ပိုင်း ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍနှင့် ယူရီးယားဓာတ်မြေဩဇာ တင်သွင်းမှု အပေါ် ကြီးမားသောရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့ပါတယ်။ သို့သော် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ တောင်သူ များလက်ဝယ်သို့ ယူရီးယားဓာတ်မြေဩဇာများကို အချိန်မီဖြန့်ဖြူးရောက်ရှိနိုင်ရေး သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားချိန်တွင် ယူရီးယားဓာတ်မြေဩဇာသင်္ဘောများ ဖြတ်သန်းသွားလာရန် အခက်အခဲကြောင့် ယခင်ကဲ့သို့သင်္ဘောကြီး/ငယ်ရွေးချယ်ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ရေလက်ကြားရှိ သင်္ဘောများ ဖြင့်သာ ချိတ်ဆက်တင်သွင်းနိုင်ရေး ကြိုးစားဆောင်ရွက်ခဲ့ရပြီး ရေလက်ကြားမှ ကျော်ဖြတ်လာနိုင်တဲ့ ယူရီးယား ဓာတ်မြေဩဇာတန်ချိန် ၅ဝ,ဝဝဝ တင်ဆောင်လာတဲ့ သင်္ဘောဖြင့်ချိတ်ဆက်၍ မှာယူတင်သွင်းသယ်ဆောင်လာရာမှာ အဆိုပါ သင်္ဘော၏ ရေစူးမှာ ၁၂ ဒသမ ၃၅ မီတာရှိပြီး ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းရေစူးမှာ ၁ဝ ဒသမ ၅ဝ မီတာသာ ရှိ၍ ဝင်ရောက်နိုင်ခြင်းမရှိတဲ့ အခက်အခဲကြုံတွေ့နေရပါတယ်။ လိုအပ်သောဓာတ်မြေဩဇာကို ပြည်တွင်းမှထုတ်လုပ်နေတဲ့အပြင် ပြည်ပမှတင်သွင်းနေရပြီး အရှေ့အလယ် ပိုင်း(ပင်လယ်ကွေ့ဒေသ)မှ ဖြတ်သန်းတင်သွင်းမှုအပေါ် အဓိကမှီခိုနေရပြီး အဆိုပါအခြေအနေများကြောင့် မော်လမြိုင်မြို့အနီးနှင့် တနင်္သာရီတိုင်းဒေသကြီးမှာ ပြောင်းရွှေ့ကျောက်ချရပ်နားခြင်း၊ ကုန်စည်လျှော့ချ၍ ဝင်ရောက် ဆိုက်ကပ်နိုင်ရေး ညှိနှိုင်းခြင်းတို့ကို ပြုလုပ်၍ ယူရီးယားဓာတ်မြေဩဇာ တန်ချိန် ၅ဝ,ဝဝဝ အနက် တန်ချိန် ၉,၆ဝဝ ခန့် ကို သင်္ဘောငယ်လေးစင်းဖြင့် Ship to Ship Operation ပြုလုပ်ပြီး ရန်ကုန်မြို့ရှိ ဆိပ်ကမ်းများသို့ တစ်ပေါင်းတည်း ဆိုက်ကပ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ ယခုအခါ ရန်ကုန်ဆိပ်ကမ်းတွင် သင်္ဘောငါးစင်းဆိုက်ကပ်၍ ကုန်ချမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၁၉ ရက်အထိ စုစုပေါင်းယူရီးယားဓာတ်မြေဩဇာတန်ချိန် ၂၂၁၅၅ တန် ဆိပ်ကမ်းချပြီးဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ (NVS 008)