“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ကမ္ဘောဒီးယားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် စတင်ထွက်ခွာ”
11 Sep
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ကမ္ဘောဒီးယားနိုင်ငံဘုရင်မင်းမြတ် ပရယ်ဘတ် ဆမ်ဒက် ပရယ် ဘိုရိုနစ် နိုရိုဒွန် သီဟာမိုနီ ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် (State Visit) သွားရောက်ရန် စက်တင်ဘာလ ၁၁ ရက် နံနက်ပိုင်းမှာ စတင်ထွက်ခွာခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက နေပြည်တော်တပ်မတော်လေဆိပ်မှ အထူးလေယာဉ်နဲ့ထွက်ခွာရာ ပြည်ထောင်စုအစိုးရ အဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘောဒီးယားနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး နိုင်ငံတော်သမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များလိုက်ပါသွား ကြပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတသည် ကမ္ဘောဒီးယားနိုင်ငံ အထက်လွှတ်တော်ဥက္ကဋ္ဌနှင့် ယာယီနိုင်ငံတော် အကြီးအကဲ ဆမ်ဒက် အက်က မဟာ ဆီနာ ပဒေ တေချို ဟွန်ဆန်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေး ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆမ်ဒက် မဟာ ဘော်ဗော် တိပဒေ ဟွန်မာနက်၊ ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့နှင့်လည်း တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ ယခုနိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်က မြန်မာ-ကမ္ဘောဒီးယား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား နွေးထွေးတဲ့ ချစ်ကြည်ရင်းနှီးမှု သံယောဇဉ်များကို ပိုမိုခိုင်မာစေရန်နှင့် နှစ်နိုင်ငံ၏ ဘုံကတိကဝတ်များကို ထပ်လောင်းအတည်ပြုတဲ့ ခရီးစဉ်ဖြစ်လာ မှာဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ (NVS 008)