“ဂျပန်နိုင်ငံ၏ အာကာသ ရည်မှန်းချက်များက တရုတ်နိုင်ငံအတွက် ခြိမ်းခြောက်မှုဖြစ်ဟုဆို”
11 Sep
ဂျပန်နိုင်ငံက ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြု နည်းဗျူဟာမြောက် ဂြိုဟ်တုများကို ထုတ်လုပ်ရန် စီစဉ်နေပြီး ယင်းဂြိုဟ်တုများက ဂျပန်နိုင်ငံ၏ တာဝေးတိုက်ခိုက်နိုင်စွမ်းများကို မြှင့်တင်ပေးနိုင်စေမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ဂျပန်နိုင်ငံ၏ အာကာသရည်မှန်းချက်များသည် တရုတ်နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုဖြစ်လာနေသည်ဟု တရုတ်နိုင်ငံပိုင်သတင်းဌာနတစ်ခုက ဖော်ပြသည်။ AI နည်းပညာပါဝင်သော ဂြိုဟ်တုများသည် အာကာသအတွင်း ကင်းထောက်မှုများကို လုပ်ဆောင်နိုင်စေမည် ဖြစ်ကြောင်း၊ ယင်းဂြိုဟ်တုများကိုထုတ်လုပ်ရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံ၏ပစ်မှတ်သတ်မှတ်သည့် ဆုံးဖြတ် ချက်များကို လျင်မြန်စွာချနိုင်စေရန်နှင့် တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းများကို ပိုမိုအားကောင်းလာစေရန်ဖြစ်ကြောင်း ဂျပန် သတင်းစာတစ်စောင်တွင် ဖော်ပြထားသည်။ ထိုလုပ်ဆောင်ချက်များသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်ရန်ရည်ရွယ်ခြင်း ဖြစ်သည်ဟု ဂျပန်အစိုးရကပြောသော်လည်း အာကာသနယ်ပယ်အထိပါ ပြိုင်ဆိုင်မှုများမြင့်တက်လာခြင်းက အာရှ-ပစိဖိတ်ဒေသ၏ ပထဝီနိုင်ငံရေးတင်းမာမှုများကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်း လေ့လာသူများက သုံးသပ်ထားသည်။