“ဘန်ကောက်ကျောက်မျက်ပြပွဲမှ ဒေါ်လာသန်းရာနှင့်ချီ ရောင်းချနိုင်ရန်မျှော်လင့်”

10 Sep

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ (၇၄) ကြိမ်မြောက် ဘန်ကောက်ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာပြပွဲကနေ အမေရိကန်ဒေါ်လာ သန်း ၁၆၀ ဖိုးအထိ ရောင်းချနိုင်မယ်လို့ မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက စက်တင်ဘာလ ၈ ရက်တွက် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Queen Sirikit National Convention Center မှာ ကျင်းပခဲ့တဲ့ ဖွင့်လှစ်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ ထိုင်းနိုင်ငံကို ပွင့်လင်းမြင်သာပြီး ယုံကြည်စိတ်ချရတဲ့ နိုင်ငံတကာကုန်သွယ်ရေးဗဟိုအဖြစ် ပိုမိုဖွံ့ဖြိုး တိုးတက်စေဖို့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်ပြီး ပြပွဲမှာ ထုတ်လုပ်သူတွေ၊ ကုန်သည်တွေ၊ ဒီဇိုင်နာတွေ၊ ဝယ်လက် တွေနဲ့ စီးပွားရေးမိတ်ဖက်တွေကို တစ်နေရာတည်းမှာ ချိတ်ဆက်ပေးကာ စီးပွားရေး အခွင့်အလမ်းသစ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအသစ်တွေ ဖန်တီးပေးနိုင်မှာဖြစ်ကြောင့် ဒုတိယဝန်ကြီးက ပြောကြားခဲ့ပါတယ်။ အဆိုပါပြပွဲကို ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ အပြည်ပြည် ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (DITP)နဲ့ ထိုင်းကျောက်မျက်နှင့် လက်ဝတ်ရတနာအင်စတီကျု (GIT) တို့က စက်တင်ဘာလ ၈ ရက်ကနေ ၁၂ ရက်အထိ ပူးပေါင်းစီစဉ်ကျင်းပတာ ဖြစ်ပါတယ်။ အခုပြပွဲမှာ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၂၀ ရဲ့ ကျောက်မျက်ရတနာကုမ္ပဏီတွေက ပြခန်းပေါင်း ၂,၈၀၀ ခန့်ပါဝင်ပြသလျက်ရှိပါတယ်။ (NVS 008)

10 Sep

ADVERTISE HERE .