“မိုင်းပျဉ်းမြို့နယ်အတွင်း ဧရိယာ ၆၁,၀၀၈ ဧကရှိ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော သတ်မှတ်”
10 Sep
ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်အတွင်း ကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၆၁,၀၀၈ ဧက ရှိနယ်မြေကို “သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တော” အဖြစ်သတ်မှတ်လိုက်ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ အဆိုပါကြိုးပြင်ကာကွယ်တောကို ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်မှစတင်ကာ အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ ကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းဖြင့် ဒေသအတွင်း သစ်တောဖုံးလွှမ်းနေသည့် နယ်မြေများကို ဥပဒေနှင့်အညီ ပိုမိုထိရောက်စွာ ကာကွယ်ထိန်းသိမ်းနိုင်မည်ဖြစ်ပြီး သဘာဝဂေဟစနစ်များနှင့် ရေထွက်ဒေသများကို ရေရှည်တည်တံ့ စေကာ ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်မှာဖြစ်ပါတယ်။ သုဝဏ္ဏသျှံတောင် ကြိုးပြင်ကာကွယ်တောအတွင်း ကျွန်း၊ ထင်းရှူး၊ အင်ကြင်း၊ သစ်အယ်၊ သစ်ချ၊ သစ်ယား (လောက်ယား) နှင့် တောင်တမာ စသည့် အဖိုးတန်သစ်ပင်မျိုးစိတ်များအပြင် မျောက်၊ တောဝက်၊ ဂျီ၊ ဆတ်၊ ယုန်၊ တောကြက်၊ ခါနှင့် ငုံး စသည့်တောရိုင်းတိရစ္ဆာန်များ၏ သဘာဝနေထိုင်ကျက်စားရာ နယ်မြေများကို ပါဝင် ထိန်းသိမ်း နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ရေထွက်စိမ့်စမ်းများ ပိုမိုကောင်းမွန်လာမည်ဖြစ်၍ ဒေသခံပြည်သူများ၏ လယ်ယာ စိုက်ပျိုးရေးနှင့် ဥယျာဉ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေကာ ကျေးရွာသုံးရေအရင်းအမြစ်များနှင့် လူမှုစီးပွားဘဝကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ (NVS 008)