“ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ဩစတြေးလျနိုင်ငံမှ ဒေါ်လာ ၄ သိန်း ကူညီမည်”
10 Sep
ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြီးရေလျှံမှုဒဏ်ခံစားနေရသူများအတွက် ဩစတြေးလျဒေါ်လာ ၄၀၀,၀၀၀ ထပ်တိုးကူညီပံ့ပိုးမည်ဖြစ်ကြောင်း ဩစတြေးလျသံရုံး(မြန်မာ)က အသိပေးထုတ်ပြန်ပါတယ်။ အဆိုပါအကူအညီများကို ဒေသခံအရပ်ဘက် လူမှုအဖွဲ့အစည်းများမှတစ်ဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။ ဩစတြေးလျအနေနဲ့ မြန်မာနိုင်ငံ၏ နေရာအများအပြားမှာ ဖြစ်ပွားခဲ့သော ဆိုးရွားတဲ့ ရေကြီးရေလျှံမှုဒဏ်ကို ခံစားခဲ့ရသူများနှင့် ထပ်တူဝမ်းနည်းမိကြောင်းလည်း အသိပေးချက်တွင် ဖော်ပြထားပါတယ်။ မိမိတို့၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ မိတ်ဖက်အဖွဲ့အစည်းများမှတစ်ဆင့် ထိခိုက်မှုအပြင်းထန်ဆုံး ဒေသများအပါအဝင်မြေပြင်မှာ အကူအညီများပေးအပ်လျက်ရှိကြောင်းလည်း သိရပါတယ်။ အဆိုပါပံ့ပိုးမှုများမှ ဘေးကင်းလုံခြုံသော သောက်သုံးရေ၊ သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းမှုတို့ကို ပိုမို လက်လှမ်းမီနိုင်ကြစေရန်၊ အရေးပေါ်အမိုးအကာနှင့် အိမ်ထောင်စုအသုံးအဆောင်ပစ္စည်းများ ဖြန့်ဝေပေးနိုင်ရန်၊ အစားအစာနှင့် တစ်ဦးချင်းကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အကူအညီများပေးအပ်နိုင်စေရန် အထောက်အကူပြုမည် ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။ (NVS 008)