“အမေရိကန်သမ္မတနှင့် ရုရှားသမ္မတတို့ တစ်နာရီကြာ ဖုန်းခေါ်ဆိုဆွေးနွေး”
10 Sep
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် နှင့် ရုရှားသမ္မတ ပူတင် တို့သည် စက်တင်ဘာလ ၈ ရက်တွင် ဖုန်းခေါ်ဆိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ အဆိုပါ ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် ငါးနှစ်တာကာလအတွင်း ဝင်ရောက်လာပြီဖြစ်သော ယူကရိန်းစစ်ရေး ပဋိပက္ခ အမြန်ဆုံးပြီးဆုံးရေးအတွက် မိမိဆန္ဒရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ရုရှားသမ္မတ ပူတင် ကို ပြောကြားခဲ့သည်။ ထို့ပြင် ယူကရိန်းစစ်ရေးပဋိပက္ခ အမြန်ဆုံးအဆုံးသတ်နိုင်မှသာ အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေးကို အပြည့်အဝ ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း သမ္မတ ပူတင် နှင့် ဖုန်းခေါ်ဆိုစဉ် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ အဆိုပါ သုံးသပ်ပြောကြားချက်များကို ရုရှားသမ္မတ ပူတင် ကလည်း ထောက်ခံခဲ့ကြောင်း ကရင်မလင်နန်းတော်က သတင်းထုတ်ပြန်ထားသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ရုရှားသမ္မတ ပူတင် တို့၏ စက်တင်ဘာလ ၈ ရက် ဖုန်းခေါ်ဆို ဆွေးနွေးမှုမှာ တစ်နာရီထိကြာမြင့်ခဲ့ကြောင်း ကရင်မလင်နန်းတော် သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရုရှားသမ္မတ ပူတင် နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် တို့သည် ရုရှားနိုင်ငံ မော်စကိုမြို့နှင့် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တို့သို့ အမေရိကန်အထူးသံတမန် စတိဗ်ဝစ်ကော့ဖ် နှင့် ဂျရက်ကုရှ်နာ တို့ သွားရောက်ခဲ့ပြီးနောက် ဖုန်းခေါ်ဆိုဆွေးနွေးခဲ့ခြင်းဖြစ်သည်။ မကြာမီကာလအတွင်း အမေရိကန်၊ ရုရှား၊ ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပနိုင်မည့် အလားအလာရှိသည်ဟု မော်စကိုနှင့် ကိယက်ဗ်ခရီးစဉ်များအပြီး အမေရိကန်အထူးသံတမန်များက ပြောကြား ထားကြောင်း သိရသည်။