“ကလပ်အသင်းသွင်းဂိုး ၃ဝဝ ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် ဒုတိယမြောက်ကစားသမားအဖြစ် ဟာလန်း ရပ်တည်”
09 Sep
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်း အနေနဲ့ မန်စီးတီးနှင့် ကိုဗင်ထရီအသင်းတို့ ကစားခဲ့သည့်ပွဲစဉ်တွင် အသင်းအတွက် တစ်လုံးတည်းသောသွင်းဂိုးကို သွင်းယူခဲ့ပြီးနောက် မက်ဆီ ပြီးလျှင် ကလပ်အသင်းသွင်းဂိုး ၃ဝဝ ကို ပွဲအနည်းဆုံးဖြင့် ပြည့်မြောက်သည့် ဒုတိယမြောက်ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဟာလန်း ဟာ ၂၀၂၂ ခုနှစ်က ဒေါ့မွန်အသင်းမှ မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ဘောလုံးရာသီတိုင်းတွင် အသင်းနှင့်အတူ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အကောင်းဆုံး တိုက်စစ်ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေသူဖြစ်ပါတယ်။ ပရော်ဖက်ရှင်နယ်အသင်း ကစားသမားဘဝတွင် ကလပ်အသင်းများအဖြစ် မိုဒီ၊ ဆဲလ်ဘတ်၊ ဒေါ့မွန်၊ မန်စီးတီးအသင်းတို့၌ ၃၈၄ ပွဲကစားပြီးနောက် သွင်းဂိုး ၃၀၀ ပြည့်မြောက်ခဲ့ခြင်းဖြစ်ပါတယ်။ ကလပ်အသင်းသွင်းဂိုး ၃၀၀ ကို ပွဲအနည်းဆုံးဖြင့်ပြည့်မြောက်သည့် ကစားသမားအဖြစ် လက်ရှိ အင်တာ မိုင်ယာမီအသင်း တိုက်စစ်မှူး မက်ဆီ က ၃၆၅ ပွဲဖြင့်ရပ်တည်နေပြီး ယခုအခါ ဟာလန်း က ဒုတိယမြောက် ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းတို့နှစ်ဦးနောက်တွင် ရီးရဲလ်မက်ဒရစ်အသင်းမှ အမ်ဘတ်ပီ က ၃၉၈ ပွဲဖြင့် တတိယ၊ စီရော်နယ်ဒို က ၄၉၉ ပွဲဖြင့် စတုတ္ထနေရာ၌ အသီးသီးရပ်တည်လျက်ရှိပါတယ်။(NVS 008)