“စာတတ်ပေတတ်၊ အတတ်ပညာရှင်အဖြစ်နဲ့သာ ကျေနပ်ရောင့်ရဲမနေကြဘဲ ဘဝအတွက်ပိုမိုပြည့်စုံရန်၊ ဗဟုသုတ ကြွယ်ဝရန်၊ အသိပညာပြည့်ဝရန်အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်ကိုလည်း စီမံဆောင်ရွက်ပေးရန်မှာကြား”
09 Sep
စာတတ်ပေတတ်၊ အတတ်ပညာရှင်အဖြစ်နဲ့သာ ကျေနပ်ရောင့်ရဲမနေကြဘဲ ဘဝအတွက်ပိုမိုပြည့်စုံရန်၊ ဗဟုသုတကြွယ်ဝရန်၊ အသိပညာပြည့်ဝရန်အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်ကိုလည်း စီမံဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က စက်တင်ဘာလ ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy၊ ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် နိုင်ငံစာတတ်မြောက်ရေးနေ့အခမ်းအနားတွင် တိုက်တွန်းပြောကြား ခဲ့ပါတယ်။ အဆိုပါအခမ်းအနားတွင် နိုင်ငံတော်သမ္မတ က အမှာစကားပြောကြားရာတွင် ယခုနှစ်အတွက် ယူနက်စကိုက ထုတ်ပြန်ထားသည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်မှာ “ကမ္ဘာမြေနှင့် လူသားများ သာယာဝပြောဖို့ စာတတ်မြောက်ရေးမြှင့်တင်စို့” "Literacy for people, the planet, and prosperity" ဖြစ်ကြောင်း၊ ထိုဆောင်ပုဒ်အရ လူသားတစ်ဦးချင်းစီ၏ စာတတ်မြောက်ခြင်းသည် လူ့အဖွဲ့အစည်း တစ်ခုလုံးအတွက်သာမက မိမိနိုင်ငံအပါအဝင် ကမ္ဘာကြီးတစ်ခုလုံး၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပတ်ဝန်းကျင် ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို စွမ်းဆောင်ပေးနိုင်သည့် အဓိကအရင်းအမြစ်ဖြစ်သည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစွန်အဖျားများရှိ တိုင်းရင်းသားပြည်သူများ၏ အရေး၊ အဖတ်၊ အတွက်အချက်များကို တတ်မြောက်လာစေရန်အတွက်ကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ တိုင်းရင်းသား စာပေနှင့် အသင်းအဖွဲ့များ၊ နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များက ပညာရေးဝန်ကြီးဌာနမှပုဂ္ဂိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျေးလက်ဒေသအစွန်အဖျားနေ တိုင်းရင်းသားပြည်သူများ စာတတ်မြောက်လာစေရေး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက အလေး အနက်ထားဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ တစ်ဆက်တည်းတွင် စာတတ်ပေတတ်၊ အတတ် ပညာရှင်အဖြစ်နဲ့သာ ကျေနပ်ရောင့်ရဲမနေကြဘဲ ဘဝအတွက်ပိုမိုပြည့်စုံရန်၊ ဗဟုသုတကြွယ်ဝရန်၊ အသိပညာ ပြည့်ဝရန်အတွက် စာတတ်သူတိုင်း စာဖတ်ကြရန်ကိုလည်း စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးကို အားပေးဆောင်ရွက် ပေးနေသည်ကို အားလုံးအသိဖြစ်ကြောင်း၊ ပညာဆိုသည်မှာ ရှာဖွေလေ့လာ၍ မကုန်နိုင်သည့်အတွက် မိမိတို့ အားလုံးသည် စာတတ်သူတိုင်း စာဖတ်ကြရေးနှင့် အစဉ်လေ့လာသင်ယူနေသည့် လူ့အဖွဲ့အစည်းအဖြစ် ရှင်သန် ရပ်တည်နိုင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်ကိုလည်း တိုက်တွန်းမှာကြားခဲ့ပါတယ်။(NVS 008)