“ဂျပန်နိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် စီရင်စု ၁၁ ခုရှိ ကျောင်းပေါင်း ၃,၆၆၁ ကျောင်းကိုပိတ်ခဲ့ရ”
09 Sep
ဂျပန်နိုင်ငံတွင် စက်တင်ဘာလ ၇ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ဖြင့် စီရင်စု ၁၁ ခုရှိ ကျောင်းပေါင်း ၃,၆၆၁ ကျောင်းကို ပိတ်ခဲ့ရကြောင်း သတင်းများအရ သိရသည်။ စက်တင်ဘာလ ၇ ရက် အစောပိုင်းမှစ၍ ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်း များနှင့် တက္ကသိုလ်များကို ပိတ်ထားခဲ့ရကြောင်း သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပိတ်ထားရသည့်ကျောင်းများမှာ ချီဘာစီရင်စုတွင် ၈၉၄ ကျောင်း၊ တိုကျိုမြို့ တွင် ၇၃၉ ကျောင်း၊ ကာနာဂါဝါစီရင်စုတွင် ၆၄၆ ကျောင်း၊ ဖူကူရှီးမားစီရင်စုတွင် ၄၅၄ ကျောင်း၊ တိုချီစီရင်စုတွင် ၃၅၈ ကျောင်းနှင့် အခြားစီရင်စုများမှ ကျောင်းပေါင်း ၅၅၀ ကျော်ပိတ်ခဲ့ရကြောင်း သိရသည်။ ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တိုကျိုမြို့ပြဧရိယာအတွင်း ရထားခရီးစဉ်များရပ်ဆိုင်းခဲ့ပြီး လူဦးရေ ၁၄၀,၀၀၀ ကျော်၏ ခရီးသွားလာမှုများ ကြန့်ကြာခဲ့ကြောင်း သိရသည်။ တိုကျိုမြို့တောင်ဘက်ရှိ အိဖူးကျွန်းစုမှ နီအီဂျီမာရွာ၊ အိုရှီမာမြို့နှင့် တိုရှီမာရွာ တို့အပြင် ချီဘာနှင့် ဆိုင်းတာမာစီရင်စုတို့တွင် ဂျပန်မိုးလေဝသအေဂျင်စီ (JMA)က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်နိုင်သည်ဟု သတိပေးထားကြောင်းသိရသည်။