“မိုးသည်းထန်မှုကြောင့် တိုကျိုမြို့တောင်ဘက်ကျွန်းတွင် အမြင့်ဆုံးအဆင့်မြေပြိုမှုသတိပေးချက် ထုတ်ပြန်”

08 Sep

မိုးသည်းထန်စွာ ရွာသွန်းနေမှုကြောင့် တိုကျိုမြို့တောင်ဘက်ရှိ Niijima ကျွန်းအတွက် အမြင့်ဆုံးအဆင့် မြေပြိုမှုသတိပေးချက်ကို ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီက စက်တင်ဘာလ ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာလ ၇ ရက် ဒေသစံတော်ချိန် နံနက် ၅ နာရီ ၂၀ မိနစ်အထိ ၂၄ နာရီအတွင်း မိုးရေချိန် ၃၈၁ မီလီမီတာ စံချိန်တင်ရွာသွန်းခဲ့ပြီးနောက် ဂျပန်မိုးလေဝသအေဂျင်စီ(JMA)က အဆိုပါကျွန်းအတွက် အဆင့်(၅) မြေပြိုမှု အရေးပေါ်သတိပေးချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ရာသီမိုးတိမ်တန်း၏ သက်ရောက်မှုကြောင့် စက်တင်ဘာလ ၇ ရက် အစောပိုင်းမှစ၍ တိုကျိုအပါအဝင် ဂျပန်နိုင်ငံ အရှေ့ပိုင်းဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ ဂျပန်မိုးလေဝသအေဂျင်စီက တိုကျိုမြို့နှင့် အနီးရှိ Chiba နှင့် Saitama ပြည်နယ်အချို့ ဒေသများအပြင် ဖူကူရှီးမားပြည်နယ် အလယ်ပိုင်းအတွက် အဆင့်(၄) မြေပြိုမှုသတိပေးချက် ထုတ်ပြန်ခဲ့သည်။ မိုးလေဝသတာဝန်ရှိသူများက ပစိဖိတ်သမုဒ္ဒရာဘက် မျက်နှာမူသည့် ဒေသအများအပြားတွင် မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း သတိပေးခဲ့သည်။ ပူနွေးစွတ်စိုသော လေထုစီးကြောင်းသည် ဂျပန်နိုင်ငံ ဟွန်ရှူးကျွန်းမကြီး တစ်လျှောက် ဖြန့်ကြက်တည်ရှိနေသော မိုးတိမ်တန်းဆီသို့ တိုးဝင်လာနေသဖြင့် ထိခိုက်နိုင်သည့်ဒေသများရှိ ပြည်သူ များအနေဖြင့် မြေပြိုမှုနှင့် အခြားသဘာဝဘေးအန္တရာယ်များအတွက် အထူးဂရုပြုနေထိုင်ကြရန် တိုက်တွန်း ထားကြောင်းသိရသည်။ (Repost from Xinhua Myanmar)

08 Sep

ADVERTISE HERE .