“အစ္စရေးဘက်က ပါလက်စတိုင်းသားများအား ဂါဇာမှ အတင်းအဓမ္မရွှေ့ပြောင်းမည့် ပြောဆိုချက်ကို နိုင်ငံ ၈ နိုင်ငံ မှ နိုင်ငံခြားရေးဝန်ကြီးများ ပြစ်တင်ရှုတ်ချ”
08 Sep
ယူအေအီး၊ ဆော်ဒီအာရေဗျ၊ ကာတာ၊ ဂျော်ဒန်၊ အင်ဒိုနီးရှား၊ ပါကစ္စတန်၊ တူကီယဲနှင့် အီဂျစ် စသည့်နိုင်ငံ ၈ နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများသည် စက်တင်ဘာလ ၆ ရက်တွင် ပူးတွဲကြေညာချက်ထုတ်ပြန်၍ အစ္စရေးနိုင်ငံ အမျိုးသားလုံခြုံရေးဝန်ကြီး Itamar Ben-Gvir နှင့် ကာကွယ်ရေးဝန်ကြီး Israel Katz တို့၏ လတ်တလော ကာလအတွင်း ပါလက်စတိုင်းသားများအား ဂါဇာကမ်းမြောင်ဒေသမှ အတင်းအဓမ္မ ရွှေ့ပြောင်းခြင်းနှင့်စပ်လျဉ်းသော ပြောဆိုချက်ကို ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ကြောင်း WAM သတင်းဌာန၏ စက်တင်ဘာလ ၆ ရက် သတင်း ဖော်ပြချက်အရ သိရသည်။ အစ္စရေးဘက်၏ သက်ဆိုင်ရာပြောဆိုချက်တွင် ပါလက်စတိုင်းသားများအား မိသားစုဥယျာဉ်မှ အတင်းအကျပ် ထွက်ခွာခိုင်းမည့်အစီအစဉ်နှင့် ယန္တရားများပါဝင်ကြောင်း၊ ယင်းသည် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအပါအဝင် နိုင်ငံတကာဥပဒေ အခြေခံမူများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ပြီး ပါလက်စတိုင်း ပြည်သူများ၏ တရားဝင်ကာ လုယူ၍မရသော အခွင့်အရေးအပေါ် တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေကြောင်း ကြေညာ ချက်တွင် ဆိုထားသည်။ ပါလက်စတိုင်းပြည်သူများအား သိမ်းပိုက်ခံရသော ပါလက်စတိုင်းနယ်မြေများမှ ရွှေ့ပြောင်းရန်ရည်ရွယ်သည့် ကြိုးပမ်းမှု သို့မဟုတ် အစီအစဉ်မှန်သမျှအား အခိုင်အမာဆန့်ကျင်ကန့်ကွက်ကြောင်း ကြေညာချက်တွင် ထပ်လောင်း ပြောကြားထားပြီး အစ္စရေးဘက်က ပါလက်စတိုင်းသားများအား အတင်းအဓမ္မရွှေ့ပြောင်းမည့် အဆိုပြုချက်ကို သတ်မှတ်ထားပြီးသား မူဝါဒ သို့မဟုတ် အသေးစိတ်အစီအမံအဖြစ် ပြောင်းလဲမည်ဆိုပါက နိုင်ငံတကာ အသိုင်းအဝိုင်း က ငြိမ်းချမ်းရေးကို တွန်းအားပေးဖော်ဆောင်ရန်အတွက် ကြိုးပမ်းမှုအပေါ် ဆိုးရွားစွာထိခိုက်စေပြီး ဒေသတွင်း တည်ငြိမ်မှု ရှေ့အလားအလာအား အန္တရာယ်ဖြစ်စေမည်ဖြစ်ကြောင်း သတိပေးပြောကြားထားသည်။ ဂါဇာကမ်းမြောင်ဒေသသည် ပါလက်စတိုင်း သိမ်းပိုက်ခံရသော နယ်မြေပိုင်နက်၏ ခွဲထုတ်၍မရသော အစိတ် အပိုင်းတစ်ခုဖြစ်သည်ဟု ကြေညာချက်တွင် အလေးထားဖော်ပြထားသည်။ နှစ်နိုင်ငံဖြေရှင်းမှုနည်းလမ်းအား အကောင်အထည်ဖော်ခြင်း၊ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက် နယ်နိမိတ်ကိုအခြေခံ၍ အရှေ့ဂျေရုဆလမ်အား မြို့တော် အဖြစ်ထားရှိသည့် လွတ်လပ်သောပါလက်စတိုင်းနိုင်ငံ တည်ဆောက်ခြင်းသည် တရားမျှတမှု၊ ရေရှည်ငြိမ်းချမ်းမှုကို အကောင်အထည်ဖော်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း ကြေညာချက်က ထပ်လောင်းဖော်ပြထားသည်။ (Repost from Xinhua Myanmar)