“အမေရိကန်-အီရန်တိုက်ခိုက်မှုများကြောင့် ရေနံစိမ်းဈေးနှုန်း ဒေါ်လာ ၁၀၀ နီးပါးအထိ မြင့်တက်”
08 Sep
ဟော်မုရေလက်ကြားနှင့်အခြားရေပြင်များတွင် အမေရိကန်နှင့် အီရန်တို့အကြား စစ်သင်္ဘောနှင့်ရေနံတင် သင်္ဘောများကို လက်တုံ့ပြန်တိုက်ခိုက်နေခြင်းကြောင့် အရှေ့အလယ်ပိုင်းဒေသ၏ ရေနံစီးဆင်းမှုကျဆင်းလာပြီး စက်တင်ဘာလ ၇ ရက်တွင် ရေနံဈေးနှုန်းများက သီတင်းပတ်ခြောက်ပတ်အတွင်း အမြင့်ဆုံးနီးပါးအဖြစ် တစ်စည်လျှင် ဒေါ်လာ ၁၀၀ နီးပါးအထိ ဈေးမြင့်တက်လာခဲ့သည်။ ဘရန့်ရေနံစိမ်းဈေးနှုန်းသည် ၁ ဒသမ ၁၉ ဒေါ်လာမြင့်တက်လာခဲ့ပြီး တစ်စည်လျှင် ၉၇ ဒသမ ၄၇ ဒေါ်လာအထိ ရောက်ရှိနေသည်။ အဆိုပါ ပင်လယ်ရေကြောင်း တိုက်ခိုက်မှုများအတွင်း ဇူလိုင်လ ၂၄ ရက်နောက်ပိုင်း အမြင့်ဆုံးဈေးဖြစ်သည့် ၉၇ ဒသမ ၉၃ ဒေါ်လာနီးပါး မြင့်တက်လာခဲ့သည်။ ထို့အတူ အမေရိကန်၏ WTI ရေနံစိမ်းဈေးနှုန်းသည်လည်း ၇၈ ဆင့် မြင့်တက်လာပြီး တစ်စည်လျှင် ၉၂ ဒသမ ၂၆ ဒေါ်လာအထိ ဈေးမြင့်တက်လာခဲ့သည်။ စက်တင်ဘာလ ၅ ရက်တွင် အမေရိကန်တပ်ဖွဲ့များသည် အီရန် ရေနံတင်သင်္ဘောသုံးစင်းကို တိုက်ခိုက်ခဲ့သလို အီရန်ဘက်မှလည်း ဟော်မုရေလက်ကြားနှင့် အခြားဧရိယာများတွင် ရေနံတင်သင်္ဘောသုံးစင်းနှင့် အမေရိကန်နှင့်ဆက်နွယ်နေသော သင်္ဘောသုံးစင်းကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ ထို့အပြင် ဆော်ဒီအော်ရေဗျရှိ ရေနံချက်စက်ရုံတစ်ရုံလည်း တိုက်ခိုက်ခံခဲ့ရသည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုများ ကြောင့် ဟော်မုရေလက်ကြားကို ဖြတ်သန်းသွားလာနေသည့် ကုန်သင်္ဘောအရေအတွက်သည် ပြီးခဲ့သည့် ၁၀ ရက် အတွင်း ၁ ရက်လျှင် ပျမ်းမျှ ၁၀ စင်းအထိ ထက်ဝက်ကျော်လျော့ကျသွားခဲ့သည်။ အကယ်၍ ရေနံတင်သင်္ဘောကို တိုက်ခိုက်မှုများ ဆက်လက်မြင့်တက်လာပါက ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၁၂၀ အထိပင်မြင့်တက်နိုင်ကြောင်း Goldman Sachs က သုံးသပ်ထားသည်ဟု AGC သတင်းဌာနဖော်ပြချက်အရ သိရသည်။