“စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်အတွင်း တိုင်းဒေသကြီးများအလိုက် မိုးကြီးနိုင်”
07 Sep
ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေအားကောင်းလာနိုင်ခြင်းနှင့် မိုးတိမ်တောင်များ ဖြစ်ထွန်းမှု အားကောင်းနေခြင်းတို့ကြောင့် စက်တင်ဘာလ ၇ ရက်မှ ၁၀ ရက်အတွင်း မြန်မာနိုင်ငံရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အများအပြားတွင် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။ ထုတ်ပြန်ချက်အရ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့မှာ နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်ပြီး နေပြည်တော်၊ ရန်ကုန်၊ ပဲခူး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ တိုင်းဒေသကြီးများအပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးရွာနိုင်ကြောင်း သိရပါတယ်။ အဆိုပါကာလအတွင်း မန္တလေး၊ မကွေး၊ စစ်ကိုင်း၊ တနင်္သာရီဒေသကြီး၊ ကချင်၊ ကရင်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းလည်း သတိပေးထားပါတယ်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစတဲ့ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်သဖြင့် ကုန်းမြင့် ဒေသများနှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးမှာ နေထိုင်သူများအနေနဲ့ အထူးသတိပြုရန်လိုအပ်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒ ဦးစီးဌာနက အကြံပြုထားပါတယ်။ ဒါ့အပြင် ပြည်တွင်းလေကြောင်းပျံသန်းရေးနှင့် မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်၊ ကမ်းလွန်ပင်လယ်ပြင်ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များနှင့် သင်္ဘောများအနေနဲ့လည်း မိုးလေဝသအခြေအနေများကို ကြိုတင်စောင့်ကြည့်၍ သတိပြုသွားလာရန် လိုအပ်ကြောင်း သတိပေးထားပါတယ်။ (NVS 008)