“ပူတင်နှင့်အမေရိကန်ကိုယ်စားလှယ်တို့၏ဆွေးနွေးပွဲသည် ထိရောက်မှုရှိသည်ဟု ရုရှားသမ္မတရုံးအကြံပေး ပြောကြား”
07 Sep
ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် အမေရိကန်အထူးကိုယ်စားလှယ်များဖြစ်သည့် စတိဝစ်ကော့၊ ဂျဲရက် ကူရှနာ တို့သည် မော်စကိုမြို့တွင် တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲက ပွင့်လင်းမြင်သာမှုရှိပြီး ထိရောက်မှုရှိကြောင်း ရုရှားသမ္မတရုံးမှအကြံပေးပုဂ္ဂိုလ် ယူရီအူရှာကော့က စက်တင်ဘာလ ၆ ရက်နံနက်ပိုင်းမှာ ပြောသည်။ သုံးနာရီ ကျော် ကြာမြင့်ခဲ့သည့် အဆိုပါဆွေးနွေးပွဲတွင် ယူကရိန်းပဋိပက္ခကို နိုင်ငံရေး၊ သံတမန်ရေးနည်းလမ်းများနှင့် အဖြေ ရှာရန် ရုရှားဘက်မှအသင့်ရှိကြောင်း ပူတင်က ထပ်လောင်းပြောကြားခဲ့သည်။ ထို့အပြင် စစ်ပွဲနယ်မြေအတွင်း ရုရှားတပ်မတော်၏ လက်ရှိတိုးတက်မှုတွေကို ရှင်းလင်းပြောကြားခဲ့ပြီး ပဋိပက္ခ၏အဓိကအရင်းအမြစ်ဖြစ်သည့် အကြောင်းရင်းများကို ပယ်ဖျက်ရန်လိုအပ်ကြောင်းလည်း ထောက်ပြခဲ့ သည်။ ထိုဆွေးနွေးပွဲမှာ ယူကရိန်းအရေးအပြင် နှစ်နိုင်ငံစီးပွားရေးဆိုင်ရာ အပြန်အလှန်အကျိုးပြုမည့် စီမံကိန်းကြီး များကိုပါ အသေးစိတ်ဆွေးနွေးခဲ့ကြသည်။ အမေရိကန်ကိုယ်စားလှယ်များအနေဖြင့် ယူကရိန်းကိုရောက်ရှိချိန်တွင် ပူတင်၏သတင်းစကားများကို တိုက်ရိုက်လက်ဆင့်ကမ်းပြောပေးသွားမှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။ ထို့အပြင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးကြား ပုဂ္ဂိုလ်ရေးဆက်သွယ်မှုများကိုလည်း ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။