ဖူကျန့်ပြည်နယ်၌ မိုးသက်မုန်တိုင်းကြောင့် လူပေါင်း ၅၉၉,ဝဝဝ ကျော်ကို ဘေးလွတ်ရာပြောင်းရွှေ့
06 Sep
လွန်ခဲ့သည့်ရက်များအတွင်း အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် စက်တင်ဘာလ ၄ ရက် ညပိုင်းအထိ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ်၏ကမ်းလွန်နှင့်ကုန်းတွင်းပိုင်းရှိ ဘေးအန္တရာယ်မကင်းသောဒေသများမှ လူပေါင်း ၅၉၉,၃၀၀ ကို ဘေးအန္တရာယ်ကင်းသောနေရာများသို့ပြောင်းရွှေ့ပေးထားပြီးဖြစ်ကြောင်း ပြည်နယ် ရေကြီးရေလျှံမှုထိန်းချုပ်ရေးနှင့် မိုးခေါင်ရေရှားမှုယ်ဆယ်ရေးဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဖူကျန့် ပြည်နယ်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဆိုးရွားစွာထိခိုက်ခံစားခဲ့ရသည့်ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအပြင် ဘေးအန္တရာယ်အပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၃၁ သန်းခန့်ကို အရေးပေါ်ခွဲဝေချပေးထားသည်။ ယခုနှစ်အတွင်း ၁၈ ခုမြောက်မုန်တိုင်းဖြစ်သော တိုင်ဖွန်းမုန်တိုင်း ဆော်ဒဲလ်သည် စက်တင်ဘာလ ၃ ရက် နံနက်ပိုင်းတွင် ဖူကျန့်ပြည်နယ် ကျန်းကျိုးမြို့အောက်ဘက်ရှိ ကျန်းဖူဒေသသို့ သုံးကြိမ်မြောက်ကုန်းတွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး လူပေါင်းသောင်းနှင့်ချီကို ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ပေးခဲ့ကြောင်း သိရသည်။ အိမ်နီးချင်း ကျန်းရှီးပြည်နယ်ဒေသ ၅၃ ခုရှိ ဒေသခံ ၁၂၈,၅၀၀ တို့သည်လည်း တိုင်ဖွန်းမုန်တိုင်း ဆော်ဒဲလ်ဒဏ်ကို ထိခိုက်ခံစားခဲ့ရပြီး အဆိုပါဒေသမှ လူပေါင်း ၈,၇၀၀ နီးပါးကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ပေးခဲ့ရသည် ဟု ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။