“မြန်မာနေရှင်နယ်လိဂ်(MNL) ပြိုင်ပွဲအမည်နဲ့ Logo ပြောင်းလဲကြောင်း MFF ထုတ်ပြန်”

25 Aug

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)ဟာ ယခု ၂၀၂၆-၂၀၂၇ ရာသီကစပြီး မြန်မာနေရှင်နယ်လိဂ်(MNL) ပြိုင်ပွဲအမည်ကို MYANMAR League(M League)အမည်နဲ့ ပြိုင်ပွဲအမှတ်တံဆိပ်(Logo)ပြောင်းလဲလိုက်ကြောင်းကို တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ယခုရာသီ MYANMAR League (M League) ပြိုင်ပွဲအတွက် Logo Launching၊ Official Partnership Signing Ceremony & Press Conference ကို ဩဂုတ်လ ၂၄ ရက်က ရန်ကုန်မြို့ရှိ နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာ ယခင် မြန်မာနေရှင်နယ်လိဂ်(MNL)အမည်အစား MYANMAR League (M League) အဖြစ် အမည်ပြောင်းလဲလိုက်ကြောင်းနဲ့ ပြိုင်ပွဲအမှတ်တံဆိပ်(Logo) ကိုလည်း အသစ်ပြင်ဆင်ရေးဆွဲ ပြောင်းလဲလိုက် ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲရဲ့ ဆောင်ပုဒ်ကိုလည်း ယခင် "For The League...For The Nation" အစား ယခုအခါ "ONE Nation.... ONE League" ဆိုပြီး ပြင်ဆင်ပြောင်းလဲလိုက်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲကို အသင်း ၁၂ သင်းဖြစ်တဲ့ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရတနာပုံ၊ စစ်ကိုင်းယူနိုက်တက်၊ ဒဂုံစတားယူနိုက်တက်၊ မြဝတီ၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီး၊ ISPE၊ ချင်းလန်းအသင်းတို့နဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ယခု ၂၀၂၆-၂၀၂၇ ရာသီ M League ပြိုင်ပွဲကို သြဂုတ်လ ၂၈ ရက်ကစပြီး နှစ်ကျော့စနစ်နဲ့ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .