“လေးမျက်နှာမြို့မှာ ရေဝင်ရောက်မှု ၆ ပေနီးပါး ကျဆင်းလာ”

25 Aug

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့တွင် ရေဝင်ရောက်မှုမှာ ဩဂုတ်လ ၂၄ ရက်နံနက်ပိုင်းအထိ ၅ ပေ ၈ လက်မခန့် ကျဆင်းလာပြီဖြစ်သဖြင့် မြို့တွင်းသို့ သွားရောက်နိုင်မည့် လမ်းကြောင်းများနှင့် အသုံးပြုနိုင်တဲ့ ယာဉ်အမျိုးအစားများကို အသိပေးထုတ်ပြန်ထားကြောင်း သိရပါတယ်။ လက်ရှိမြေပြင်အခြေအနေအရ ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတ လမ်းကြောင်းကို ကားဖြင့် သွားလာနိုင်ပြီ ဖြစ်သလို နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု လမ်းကြောင်းကိုလည်း ကားဖြင့် သွားလာနိုင်ပြီး ခမောက်စုမှ အိုင်သပြုသို့ စက်လှေနဲ့ ဆက်လက်သွားရောက်နိုင်ကြောင်း Information Center များ၏ ဖော်ပြချက်ကို ကိုးကား၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြန်လည်အသိပေးထားပါတယ်။ ဒါ့အပြင် ဟင်္သာတ-တလုတ္ထော်-သင်္ကန်းတော-လဟာပ-စာရေးကွင်း လမ်းကြောင်းမှာ ခြောက်ဘီးယာဉ်များနဲ့ သွားလာနိုင်ပြီး ဟင်္သာတ-တလုတ္ထော်-သင်္ကန်းတော-အုတ်ပုံ-ဇရပ်ကွင်း လမ်းကြောင်းတွင် ယာဉ်အလတ်စားများဖြင့် သွားလာနိုင်ကြောင်း သိရပါတယ်။ အလားတူ ဟင်္သာတ-တလုတ္ထော်ရပ်ကွက်(၂)-တမိုင်-ကြပ်ပြေး-အုတ်ပုံ လမ်းကြောင်းကို ကားငယ်များဖြင့် သွားလာနိုင်ကာ ဟင်္သာတ-တလုတ္ထော်-မြို့ကွင်းတံတား-ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်းမှတစ်ဆင့် ဆိတ်နို့ကုန်း-လေးမျက်နှာတံတားသို့လည်း ကားများဖြင့် သွားလာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ သို့သော် မြစ်ရေအတက်အကျပေါ်မူတည်၍ လက်ရှိသွားလာနိုင်တဲ့ လမ်းကြောင်းများ ပြောင်းလဲနိုင်သဖြင့် လေးမျက်နှာမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများထံ သွားရောက်ကူညီလှူဒါန်းမည့် ပရဟိတအဖွဲ့များနှင့် အလှူရှင်များ အနေနဲ့ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် အကူအညီများ အမှန်တကယ်လိုအပ်သည့် နေရာများသို့ ထိရောက်စွာ ရောက်ရှိနိုင်ရေးအတွက် ဒေသရှိ ကွပ်ကဲရေးအဖွဲ့များနှင့် ကြိုတင်ချိတ်ဆက်၍ သတ်မှတ်လမ်းညွှန်ချက်များအတိုင်း ပူးပေါင်းဆောင်ရွက်ကြရန် မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .