“လှော်ကားရေတွန်းစက်ရုံ လျှပ်စစ်ပြန်လည်ရရှိပြီး ရေတွန်းစက်များ စွမ်းအားပြည့်လည်ပတ်”

25 Aug

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ(YCDC) အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)က လှော်ကား ရေတွန်းစက်ရုံအတွက် လျှပ်စစ်ဓာတ်အားပေးတာဝါတိုင်များရှိ နွယ်ပင်များခုတ်ထွင်ရှင်းလင်းရေးလုပ်ငန်း ပြီးစီးသွား ခဲ့တာကြောင့် ရေတွန်းစက်ကြီးများကို စွမ်းအားပြည့် ပြန်လည်မောင်းနှင်ထားကြောင်း ဩဂုတ်လ ၂၄ ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။ လှော်ကားရေတွန်းစက်ရုံက ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)၏ ၃၃ ကေဗွီ လှော်ကား–ရွာမ BA-BB ဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရယူကာ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ မရမ်းကုန်း၊ လှိုင်၊ လှိုင်သာယာ (စက်မှုဇုန်)၊ အင်းစိန်၊ ကမာရွတ်၊ ဗဟန်း၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လမ်းမတော်၊ လသာ၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်တို့အပါအဝင် မြို့နယ် ၁၇ ခုသို့ ရေဖြန့်ဖြူးပေးဝေလျက် ရှိပါတယ်။ အဆိုပါဓာတ်အားလိုင်းမှာ ပြတ်တောက်မှုမဖြစ်ပေါ်စေရန်အတွက် ဩဂုတ်လ ၂၄ ရက်နံနက် ၉ နာရီမှ မွန်းလွဲ ၁ နာရီအထိ လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ကာ တာဝါတိုင်များရှိ နွယ်ပင်များ ခုတ်ထွင်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။ YCDC က လုပ်ငန်းပြီးစီးသော်လည်း လျှပ်စစ်ဓာတ်အား ယာယီဖြတ်တောက်ခဲ့တဲ့ အကျိုးဆက်ကြောင့် အဆိုပါမြို့နယ်များရှိ ရေပေးဝေရေးပိုက်လိုင်းများမှာ ရေပြတ်တောက်ခြင်း သို့မဟုတ် ရေအား နည်းခြင်းများ ယာယီဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားပါတယ်။ ရေသုံးစွဲရာမှာ အခက်အခဲရှိပါက သက်ဆိုင်ရာခရိုင် နှင့် မြို့နယ်ရေပေးရေးရုံးများသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း YCDC က ထုတ်ပြန်ထားပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .