“ပါမောက္ခချုပ်ဆရာတော်ကြီးက စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရန် တိုက်တွန်း”

25 Aug

ပါမောက္ခချုပ်ဆရာတော်ကြီးက စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိက ထားကြိုးစားရန် တိုက်တွန်း၍ မိန့်ကြားတော်မူခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာရှိ ဓမ္မသဟာယသာသနစင်တာမှာ သီတင်းသုံးနေတော်မူတဲ့ ပါမောက္ခချုပ်ဆရာတော်ကြီးထံ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်ဇနီးမိသားစုက ဓမ္မစကြာမဟာဋီကာသစ်ကျမ်းကြီး၊ ဗုဒ္ဓဝါဆိုစဉ်အလင်္ကာများစာအုပ်နှင့် သာသနာရေးဝန်ကြီးဌာနမှ ဆောင်ရွက်ထား ရှိသော ကွန်ပျူတာစာစီမူ အဋ္ဌကထာကျမ်းစာအုပ်များကို လှူဒါန်းခဲ့ကြပါတယ်။ အဆိုပါကျမ်းစာအုပ်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို နိုင်ငံတော်သမ္မတနှင့်ဇနီးမိသားစု(ကိုယ်စား) သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က သြဂုတ်လ ၂၄ ရက်နံနက်ပိုင်းမှာ ဆက်ကပ်လှူဒါန်း ခဲ့ပြီး သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပါတယ်။ ပါမောက္ခချုပ်ဆရာတော်ကြီးက အဋ္ဌကထာဋီကာကျမ်းစာအုပ်များကို ပြန်လည်ပုံနှိပ်နိုင်ခြင်းမရှိသည်မှာ နှစ်ပေါင်းအတော်ကြာပြီ၍ ပါဠိတော်များကို အဋ္ဌကထာ၊ ဋီကာအဖွင့်များနှင့်ကြည့်၍ အဓိပ္ပာယ်သိရှိရကာ အဋ္ဌကထာဋီကာအဖွင့်ကိုမကြည့်ဘဲ ပါဠိတော်သက်သက်ဘာသာပြန်လျှင် Interpretation Problem ဖြစ်နိုင်သဖြင့် နောင်တွင် AI tool များဖြင့် ဘာသာပြန်ခြင်းလုပ်ငန်းဆောင်ရွက်လျှင် Leak Version(မူကွဲမူပျက်)များ ထွက်ပေါ်လာ နိုင်ပြီးပျက်စီးနိုင်ကြောင်း မိန့်ကြားတော်မူခဲ့ပါတယ်။ ဒါ့အပြင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာစာပေများ မပျောက်ပျက်အောင်ထိန်းသိမ်းခြင်းလုပ်ငန်းက သာသနာ ရေးဝန်ကြီးဌာန၏ အဓိကလုပ်ငန်းဖြစ်ပြီး အရေးအကြီးဆုံးဖြစ်၍ ယခုကဲ့သို့ အဋ္ဌကထာ၊ ဋီကာကျမ်းများကို ဆဋ္ဌမူ အတိုင်း ပြင်ဆင်ဖြည့်စွက်နုတ်ပယ်ခြင်းမပြုဘဲ နောက်ဆက်တွဲ(Index)ပါ နာနာပါဌ (Different Version)များ၊ အောက်ခြေမှတ်စု(Foot note)များပါမကျန် ကွန်ပျူတာစာစီမူ ပြန်လည်ပုံနှိပ်ဆောင်ရွက်ခြင်းက အလွန်ပြည့်စုံပြီး အင်မတန်ကောင်းမွန်သောအလုပ်ဖြစ်တယ်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ စာပေပျောက်လျှင် လူမျိုးပျောက်နိုင်သဖြင့် စာပေထိန်းသိမ်းရေးကို အဓိကထားကြိုးစားရန် တိုက်တွန်းခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာနှင့်ပတ်သက်လျှင် ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာ စာပေများကို ထေရဝါဒအတိုင်းထိန်းသိမ်းထားနိုင်တဲ့ မြန်မာနိုင်ငံကိုသာ အားကိုးပြုရမယ်လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ (NVS 008)

25 Aug

ADVERTISE HERE .