“အရှေ့အလယ်ပိုင်းအရေးဆွေးနွေးမှုများ ပြန်လည်စတင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး ပန်ကြား”
25 Aug
လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းဒေသအခြေအနေသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေသဖြင့် အရှေ့ အလယ်ပိုင်းအရေး ဆွေးနွေးမှုများ ပြန်လည်စတင်ရန် သက်ဆိုင်ရာတာဝန်ရှိသည့် အဖွဲ့အစည်းများအား တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဩဂုတ်လ ၂၄ ရက်တွင် ပန်ကြားခဲ့သည်။ ကူဝိတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ရှိတ်ခ် ဂျာရက်ဂျဗာ အယ်လ်အာမက်အယ်ရှာဗတ်နှင့် တွေ့ဆုံဆွေးနွေးစဉ် ဝမ်ယိက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် ကူဝိတ်နှင့်နှစ်နိုင်ငံဆက်ဆံရေးကို အရေးကြီးသည့်ကိစ္စအဖြစ် သတ်မှတ်ကြောင်းနှင့် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး (၅၅) နှစ်ပြည့်မြောက်သည့် ယခုနှစ်ကာလကို အခွင့်အလမ်း တစ်ခုအဖြစ် သတ်မှတ်၍ နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက်ဆက်ဆံရေးကို ခိုင်မာစေရေးအတွက် ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြားသည်။ ဝမ်ယိက ကူဝိတ်နိုင်ငံတွင်တည်ရှိသည့် တရုတ်နိုင်ငံ၏စီမံကိန်းများနှင့်အဆိုပါစီမံကိန်းတာဝန်ထမ်းဆောင် နေသည့် တရုတ်နိုင်ငံသားများအား ကူဝိတ်နိုင်ငံက ကာကွယ်စောင့်ရှောက်မည်ဟုယုံကြည်ကြောင်း ၎င်းက ပြောကြားသည်။ ကူဝိတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် ပိုင်နက်နယ်မြေပိုင်ဆိုင်မှုကို ထိန်းသိမ်းစောင့်ရှောက် ရာတွင် တရုတ်နိုင်ငံက ကာလရှည်ကြာရပ်တည်ကူညီခဲ့သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ကူဝိတ်နိုင်ငံခြားရေး ဝန်ကြီး ရှိတ်ခ် ဂျာရက်ဂျဗာအယ်လ်အာမက်အယ်ရှာဗတ်က ပြောကြားသည်။ ကူဝိတ်နိုင်ငံအနေဖြင့် တရုတ် တစ်နိုင်ငံတည်းမူဝါဒကိုသာ ကျင့်သုံးမည်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များအကြားရရှိခဲ့သည့် သဘောတူညီချက် များကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။ အရှေ့အလယ်ပိုင်းနှင့် ပင်လယ်ကွေ့ဒေသတွင် လုံခြုံရေးနှင့်တည်ငြိမ်မှုကို ပြန်လည်ထူထောင်ရန်နှင့် နိုင်ငံတကာရေလမ်းကြောင်းများ၏ လွတ်လပ်မှုနှင့်ဘေးကင်းမှုကို ကာကွယ်ရန်အတွက် ကူဝိတ်နိုင်ငံက တရုတ်နိုင်ငံနှင့်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောကြား ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။