“အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် H1N1 ကူးစက်မှုများ မြင့်တက်လာခြင်းအတွက် စောင့်ကြည့်ရမည့် ရောဂါလက္ခဏာ များကို ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်”
24 Aug
အိန္ဒိယနိုင်ငံ၏ ဗဟိုကျန်းမာရေးဝန်ကြီးဌာနက H1N1 တုပ်ကွေးရောဂါများနှင့်ပတ်သက်၍ သတိပြု စောင့်ကြည့်ရမည့် ရောဂါလက္ခဏာများကို သြဂုတ်လ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သတိရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။ အိန္ဒိယဗဟိုကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော အသိပေးချက်တစ်ခု တွင် H1N1 ရောဂါပိုးကြောင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများနှင့် မောပန်းနွမ်းနယ်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း အသိပေးပြောကြားထားသည်။ ထို့အပြင် အားအင်ချည့်နဲ့ခြင်း၊ အစားအစာ စားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားများ နာကျင် ကိုက်ခဲခြင်း၊ ဝမ်းလျှောခြင်းများကိုလည်း ရောဂါလက္ခဏာများအဖြစ် ထည့်သွင်းဖော်ပြထားသည်။ ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ ၂၀၂၆ ခုနှစ်အတွင်း ဒေလီမြို့တွင် H1N1 ရောဂါဖြစ်ပွားသူ ၁,၇၇၇ ဦး ရှိခဲ့ပြီး ပြည်နယ်အများအပြားတွင်လည်း တုပ်ကွေးရောဂါကူးစက်မှုများ မြင့်တက်လာကြောင်း သိရသည်။ (Repost from Xinhua Myanmar)