“နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တရားဝင်ခရီးစဉ်များအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ”

24 Aug

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ်သမ္မတနိုင်ငံတို့သို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့တဲ့ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၂၃ ရက် ညနေပိုင်းမှာ နေပြည်တော်ရှိ တပ်မတော်လေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို တို့၏ ဖိတ်ကြားချက်များအရ အဆိုပါနိုင်ငံများသို့ တရားဝင်ခရီးစဉ်များ သွားရောက်ခဲ့ခြင်းဖြစ်ပါတယ်။ တရားဝင်ခရီးစဉ်များအပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာတဲ့ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အဖွင့်ဝင်များကို အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ရန်ကုန်မြို့အခြေစိုက် ရုရှားသံရုံးမှတာဝန်ရှိသူများက ကြိုဆိုခဲ့ကြ ပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက ရုရှားသမ္မတ မစ္စတာ ဗလာဒီမာပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့တဲ့အပြင် ရုရှားဝန်ကြီးချုပ်၊ ရုရှားနိုင်ငံဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် ရုရှားအစိုးရပိုင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များကို တွေ့ဆုံ ဆွေးနွေးခဲ့ပြီး မြန်မာ-ရုရှား စီးပွားရေးဆိုင်ရာ အစီအစဉ်များသို့လည်း တက်ရောက်ခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးမှုများမှာ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ စွမ်းအင်၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ လုံခြုံရေးနှင့် လူမှုရေး ကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ဘယ်လာရုစ်သမ္မတနိုင်ငံသို့ ဆက်လက်သွားရောက်ခဲ့ရာ နိုင်ငံတော်သမ္မတက ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကိုနှင့် နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဘယ်လာရုစ်နိုင်ငံဝန်ကြီးချုပ်၊ လွှတ်တော် ခေါင်းဆောင်များနှင့် အစိုးရတာဝန်ရှိသူများကိုလည်း တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင် ရေးအတွက် သဘောတူစာချွန်လွှာနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စာတမ်းများကို ရေးထိုးလဲလှယ်ခဲ့ကြတဲ့အပြင် မင့်စ်မြို့၌ ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဖွင့်လှစ်ပွဲအခမ်းအနားနှင့် မြန်မာ-ဘယ်လာရုစ် စီးပွားရေးဖိုရမ် ကိုလည်း နိုင်ငံတော်သမ္မတ က တက်ရောက်ခဲ့ပါတယ်။ ယခုခရီးစဉ်များက မြန်မာနိုင်ငံနှင့် ရုရှား၊ ဘယ်လာရုစ်နိုင်ငံတို့အကြား နိုင်ငံတော်အဆင့် ဆက်ဆံရေးနှင့် အပြန်အလှန်ယုံကြည်မှု ပိုမိုခိုင်မာလာစေရေးအပြင် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအပါအဝင် ကဏ္ဍပေါင်းစုံမှာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ရေးအတွက် အရေးပါသည့် ခရီးစဉ်များဖြစ်ကြောင်း သိရပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .