“ငဝန်တာနိမ့်ကျနေတဲ့နေရာမှာ Steel Sheet Pile၊ Stand Pipe များရိုက်၍ ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ”

24 Aug

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေတိုက်စားမှုကြောင့် တာ၏အောက်ခံမြစ်ကျိုး အင်းသဲကြောမှ ထူးပေါက်၍ တာတမံနိမ့်ကျမှုဖြစ်ပွားကာ မြစ်ရေစီးကျော်ဝင်တဲ့နေရာမှာ Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းကာရံနေမှု အခြေအနေများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့် နှင့်အဖွဲ့က ဩဂုတ်လ ၂၂ ရက်နံနက်ပိုင်းမှာ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ ဒုတိယဝန်ကြီးနှင့်အဖွဲ့က ငါးသိုင်းချောင်းမြို့သို့ ရောက်ရှိလာတဲ့ Stand Pipe များ ကြည့်ရှုစစ်ဆေးပြီးနောက် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ ၁၅ နှင့် ၁၆ တို့မှ Steel Sheet Pile နှင့် Stand Pipe များ ရိုက်သွင်းပြီးစီးမှု၊ Barge ရေယာဉ်ပေါ်၌ ဆက်ကြောင်းလုပ်ငန်းများ လုပ်ဆောင်ထားရှိမှု၊ ကျောက်ခြင်းနှင့် သဲအိတ်များချ၍ အားဖြည့် ဆောင်ရွက်နေမှုများကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးစဉ် ဒုတိယဝန်ကြီးက စီမံချက်အတိုင်း အချိန်တိုအတွင်း ပြီးစီးရေး၊ ဝန်ထမ်းများနှင့် စက်ယန္တရားများ လုံခြုံဘေးအန္တရာယ် ကင်းရှင်းရေး၊ ရေစီးအားပေါ်မူတည်၍ ရိုက်သွင်းခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားရန်နှင့် အခက်အခဲများရှိပါက အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရန်မှာကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ငဝန်တာတမံ နိမ့်ကျတဲ့နေရာသို့ ဩဂုတ်လ ၁၈ ရက်မှစတင်၍ Stand Pipe စုစုပေါင်း ၄၉ လုံး ရောက်ရှိထားပြီးဖြစ်ရာ လက်ရှိမှာ Stand Pipe ၃ လုံး ရိုက်သွင်းပြီးဖြစ်ပါတယ်။ ဒါ့အပြင် Steel Sheet Pile နှင့် Stand Pipe များကြားတွင် သဲအိတ်များ ဖြည့်သွင်းခြင်း၊ H-Beam (400 mm x 400 mm) များဖြင့် ကျားကန်/ဒေါက်ကန်၍ ခိုင်ခန့်အောင် အားဖြည့်ခြင်းများကို တာတမံကာရံခြင်းလုပ်ငန်းများ အမြန်ဆုံးပြီးစီးနိုင်ရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။ (NVS 008)

24 Aug

ADVERTISE HERE .