“အမေရိကန်နှင့်အစ္စရေးတိုက်ခိုက်မှုကြားက အီရန်၏လက်နက်ထုတ်လုပ်မှု နှစ်ဆတိုးလာ”

24 Aug

အမေရိကန်နှင့်အစ္စရေးတို့၏ စစ်ရေးအရလေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်မှုများ ဆက်တိုက်ခံရ ပေမယ့် ပြီးခဲ့တဲ့တစ်နှစ်အတွင်း အီရန်နိုင်ငံ၏ စစ်လက်နက်နှင့်စစ်ဘက်ဆိုင်ရာ ဆက်စပ်ပစ္စည်းထုတ်လုပ် နိုင်စွမ်းသည် နှစ်ဆအထိ တိုးတက်လာခဲ့ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားသည်။ အီရန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ရေဇာတာလာအီနစ်က ရုပ်မြင်သံကြား အင်တာဗျူးတစ်ခုတွင် အခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ပွဲကာလ ဖိအားများကြားထဲမှ အီရန်တပ်မတော်၏ စစ်ဘက်ဆိုင်ရာထုတ်လုပ်မှုစွမ်းရည်ကို မပြတ်တောက်အောင် ထိန်းသိမ်းထားနိုင်ရုံသာမက ပိုမိုတိုးမြှင့်လည်ပတ် နိုင်ခဲ့ခြင်းသည် ထိုအချက်ကို သက်သေပြနေခြင်းဖြစ်ကြောင်း ဆိုထားသည်။ ပြီးခဲ့သည့် တစ်နှစ်အတွင်း ၎င်းတို့နိုင်ငံ၏ ကိုယ်တိုင်ထုတ်လုပ်သည့် လက်နက်နှင့်ကာကွယ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းပမာဏသည် နှစ်ဆ အထိတိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်မှူးချုပ် ရေဇာ က အင်တာဗျူးတွင် ထည့်သွင်းပြောကြား သွားသည်။ ထို့အပြင် အစ္စရေးနှင့်ဖြစ်ပွားသည့် ၁၂ ရက်ကြာစစ်ပွဲအတွင်း အီရန်နိုင်ငံ၏ကာကွယ်ရေးစက်ရုံအချို့နှင့် အခြေခံအဆောက်အဦအနည်းငယ်ဟာ ရန်သူများပစ်မှတ်ထား တိုက်ခိုက်ခြင်းခံခဲ့ရခြင်းသည် အမှန်ပင် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ရေဇာ က အတည်ပြုပြောကြားခဲ့သည်။ သို့ပေမယ့် ယခုကဲ့သို့ တိုက်ခိုက်ခံရမှုများသည် အီရန်နိုင်ငံ၏စစ်ဘက်ဆိုင်ရာ ထုတ်လုပ်မှုယန္တရားတစ်ရပ်လုံးကို ရပ်တန့်သွားအောင် မလုပ်နိုင်ခဲ့သလို လက်နက် ထုတ်လုပ်မှုအရှိန်အဟုန်ကိုလည်း လျှော့ချနိုင်ခဲ့ခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောကြားထားသည်။ လက်ရှိတွင် အီရန်နိုင်ငံသည် အမေရိကန်နှင့်အစ္စရေးတို့၏ တိုက်ခိုက်မှုကို ပြင်းထန်စွာတုံ့ပြန် နိုင်နေဆဲ ဖြစ်သည်ကို တွေ့ရ ကြောင်း Sputnik သတင်းဌာနဖော်ပြချက်အရ သိရသည်။

24 Aug

ADVERTISE HERE .