“မိုးကြီးမည့်သတိပေးချက်ထုတ်ပြန်”

23 Aug

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်းနေခြင်း၊ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းနာရာ(Narra)မှ ပြတ်ထွက်လာသော တိမ်တိုက်များနှင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းတွင် လေထုမငြိမ်မသက်မှုများ ဖြစ်ပေါ်နေခြင်းတို့ကြောင့် ယနေ့နံနက်မှ ၂၇ ရက်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ မိုးကြီးမည့်သတိပေးချက် ထုတ်ပြန်ထားရှိပါတယ်။ အထက်ပါ မိုးလေဝသဖြစ်စဉ်များကြောင့် နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေပြည်တော်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်းသိရပါတယ်။ သို့ဖြစ်၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်တာကြောင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများ အနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှု များကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးသင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားရှိပါတယ်။(NVS 008)

23 Aug

ADVERTISE HERE .