“တူကီယဲသမ္မတ အာဒိုဂန် ကို ဂျူးဆန့်ကျင်ရေးဝါဒီတစ်ဦးအဖြစ် အစ္စရေးဝန်ကြီးချုပ်ရုံး ဝေဖန်ပြောကြား”
23 Aug
တူကီယဲသမ္မတ အာဒိုဂန် ကို ဂျူးဆန့်ကျင်ရေးဝါဒီ အာဏာရှင်တစ်ဦးအဖြစ် အစ္စရေးဝန်ကြီးချုပ်ရုံးက ဩဂုတ်လ ၂၁ ရက်တွင် ဝေဖန်ပြောကြားခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ဂါဇာကူညီရေး ရေယာဉ်အုပ်စုတစ်စုကို ကြားဖြတ်တားဆီးမှုဖြင့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု ကို နိုင်ငံတကာက ဖမ်းဝရမ်းထုတ်နိုင်ရန် ကြိုးပမ်းနေကြောင်း တူကီယံနိုင်ငံက ကြေညာခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ် ရုံးက ထိုသို့ဝေဖန်ပြောကြားခဲ့ခြင်းဖြစ်သည်။ တူကီယဲသမ္မတ အာဒိုဂန် သည် ဂျူးဆန့်ကျင်ရေးဝါဒီ အာဏာရှင်တစ်ဦးဖြစ်ပြီး ကာ့ဒ်လူမျိုးများကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့သူဖြစ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံး သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် တူကီယဲသမ္မတ အာဒိုဂန် သည် ဂါဇာအခြေစိုက် ဟားမတ်စ်လက်နက်ကိုင်အဖွဲ့၏ လူအစုအပြုံလိုက် သတ်ဖြတ်မှုများကို အားပေးထောက်ခံသူဖြစ်ကြောင်းလည်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဝေဖန်ပြောကြားထားသည်။ အစ္စရေးနှင့် တူကီယံနိုင်ငံတို့သည် ၂၀၂၃ ခုနှစ်တွင် စတင်ဖြစ်ပွားခဲ့သော ဂါဇာကမ်းမြောင် စစ်ရေးပဋိပက္ခကို အကြောင်းပြု၍ ဆက်ဆံရေးတင်းမာနေသည့် နိုင်ငံများဖြစ်ကြောင်း သိရသည်။