“နှစ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ တွေ့ဆုံဆွေးနွေး”
22 Augနိုင်ငံတော်သမ္မတနှင့်အတူ ဘယ်လာရုစ်သမ္မတနိုင်ငံသို့ တရားဝင်ခရီးစဉ်တွင် လိုက်ပါလာသည့် ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း က ဘယ်လာရုစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Mr. Aliaksandr Khajayeu နှင့် ဩဂုတ်လ ၂၁ ရက် ဒေသစံတော်ချိန် ညနေပိုင်းတွင် Belarusian State Medical University ၌ နှစ်နိုင်ငံ ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရပါတယ်။ တွေ့ဆုံပွဲတွင် နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးများက နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်သည့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြပြီး Belarusian State Medical University တွင် ကျောင်းသားများ ပညာသင်ကြားရေးနှင့် ပတ်သက်သည်များကို လေ့လာကြည့်ရှုကာ ဆေးရုံများကို လှည့်လည်ကြည့်ရှုကြပါတယ်။ ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့တွင် တည်ရှိသည့် Belarusian State Medical University သည် နိုင်ငံအတွင်း သက်တမ်းအရှည်ဆုံးနှင့် အဓိကကျသည့် ဆေးတက္ကသိုလ်တစ်ခုဖြစ်ပြီး အဆိုပါဆေးတက္ကသိုလ်သည် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO)တွင် စာရင်းဝင်ထားပြီး နိုင်ငံတကာဆေးကောင်စီများက အသိအမှတ်ပြုထားသော တက္ကသိုလ် ဖြစ်ကာ နိုင်ငံတကာကျောင်းသားများ အတွက် ဆေးပညာနှင့် သွားဘက်ဆိုင်ရာ ဆေးပညာဘာသာရပ်များကို အင်္ဂလိပ်ဘာသာစကားဖြင့် တိုက်ရိုက်သင်ကြားပေးသည့် ဆေးတက္ကသိုလ်တစ်ခုဖြစ်ကြောင်း သိရပါတယ်။(NVS 008)