“မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံပွဲကျင်းပ”
22 Aug
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံ နိုင်ငံတော်အဆင့် တွေ့ဆုံဆွေးနွေးပွဲကို ဩဂုတ်လ ၂၁ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ သမ္မတနန်းတော်အစည်းအဝေးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ တို့နှင့်အတူ ခရီးစဉ်တွင် လိုက်ပါခဲ့သည့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များ ဘယ်လာရုစ်နိုင်ငံ အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံရာတွင် မြန်မာ-ဘယ်လာရုစ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လမ်းပြမြေပုံ(၂၀၂၆-၂၀၂၈)ကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာများတွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ မွေးမြူရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ အာကာသနည်းပညာကဏ္ဍ၊ ပညာရေးနှင့် လူငယ်ကဏ္ဍ၊ ဘဏ္ဍာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ သိပ္ပံနှင့်နည်းပညာ ကဏ္ဍ၊ ယဉ်ကျေးမှုနှင့် ခရီးသွားကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း ၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါတယ်။ ထို့နောက် နှစ်နိုင်ငံအစိုးရနှစ်ရပ်အကြား သဘောတူညီချက်များနှင့် နားလည်မှုစာချွန်လွှာများ လဲလှယ်ခြင်း အခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်နိုင်ငံအကြား တရားမနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဥပဒေရေးရာ အပြန်အလှန်အကူအညီပေးရေး သဘောတူစာချုပ်၊ ပြစ်မှုဆိုင်ရာကိစ္စရပ်များတွင် ဥပဒေပိုင်းဆိုင်ရာ အပြန်အလှန်အကူအညီပေးရေး သဘောတူညီချက်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ဘယ်လာရုစ်သမ္မတနိုင်ငံ ဗဟိုရွေးကောက်ပွဲကော်မရှင်တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ မြန်မာအာကာသအေဂျင်စီအတွက် ကမ္ဘာမြေကိုအဝေးမှ အာရုံခံစောင့်ကြည့်နိုင်သော အာကာသယာဉ်ငယ်တစ်စင်း တည်ဆောက်ရေးဆိုင်ရာရည်ရွယ်သည့် မှတ်တမ်းလွှာ၊ မြန်မာအာကာသအေဂျင်စီနှင့် Belarusian State University တို့အကြား သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စာချွန်လွှာ၊ မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့နှင့် The Belarusian Institute of Strategic Research(BISR) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနနှင့် JSC "Development Bank of the Republic of Belarus" တို့အကြား ချေးငွေဆိုင်ရာ မူဘောင် သဘောတူစာချုပ်နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)နှင့် ဘယ်လာရုစ်နိုင်ငံ၊ နိုင်ငံပိုင်ရုပ်မြင်သံကြားနှင့် အသံလွှင့်ကုမ္ပဏီတို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်စသည့် နားလည်မှုစာချွန်လွှာနှင့် သဘောတူညီချက် ၉ ခုတို့ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးနှင့် သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးများက ဘယ်လာရုစ် သမ္မတနိုင်ငံဘက်မှ သက်ဆိုင်ရာ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်သမ္မတ နိုင်ငံ သမ္မတတို့ရှေ့မှောက်၌ လဲလှယ်ခဲ့ကြပါတယ်။(NVS 008)