“Liquid Biopsy သွေးစစ်နည်းဖြင့် ကင်ဆာဆဲလ်များ တစ်ကျော့ပြန်ပေါ်နိုင်ခြေကို ဖော်ထုတ်နိုင်”
22 Aug
Liquid Biopsy သွေးစစ်နည်းတစ်မျိုးဖြင့် ကင်ဆာဆဲလ်များ တစ်ကျော့ပြန်ပေါ်လာနိုင်မှု လက္ခဏာများကို ကြိုတင်ထောက်လှမ်း ဖော်ထုတ်ပေးနိုင်ကြောင်း သုတေသနပညာရှင်များ၏ အဆိုကိုကိုးကား၍ ဩဂုတ် ၂၀ ရက် သတင်းများတွင် ရေးသားဖော်ပြထားသည်။ Liquid Biopsy အမည်ရှိ အထက်ပါသွေးစစ်နည်းသည် သွေးလည်ပတ်မှုစနစ်အတွင်းရှိနေသော ကင်ဆာဆဲလ် မျိုးဗီဇမော်လီကျူး(ဒီအင်န်အေ)များကို ထောက်လှမ်းပေးနိုင်ပြီး ကင်ဆာနှင့်ဆက်စပ်နေသော မျိုးဗီဇအပြောင်းအလဲ များကို ရှာဖွေပေးနိုင်ကြောင်းသိရသည်။ သွေးအတွင်း လှည့်ပတ်နေသည့် ကင်ဆာဆဲလ်မျိုးဗီဇများကို ဖော်ထုတ်စစ်ဆေးခြင်းဖြင့် ကင်ဆာဆဲလ်များ တစ်ကျော့ပြန်ပေါ်လာနိုင်ခြေ ရှိ၊ မရှိကို ရောဂါလက္ခဏာများမပေါ်မီ ဖော်ထုတ်ပေးနိုင်ကြောင်း ဗြိတိန်သုတေသန ပညာရှင်များက ပြောကြားသည်။ ဗြိတိန် သုတေသနပညာရှင်များ၏ လက်တွေ့စမ်းသပ်မှုအရ Liquid Biopsy သွေးစစ်နည်းသည် သွေးလည်ပတ်မှုစနစ်အတွင်းရှိ ကင်ဆာဆဲလ်မျိုးဗီဇ မော်လီကျူးများကို ရှာဖွေစစ်ဆေးပေးနိုင်သည်။ မိမိတို့၏ လေ့လာတွေ့ရှိချက်အရ သွေးလည်ပတ်မှုစနစ်အတွင်းရှိ ကင်ဆာဆဲလ်မော်လီကျူး အပိုင်းအစများသည် ကင်ဆာ ကုထုံးများ၏ အာနိသင်ထိရောက်မှုရှိ၊မရှိကို ပြသနိုင်ကြောင်း သုတေသနပညာရှင်များက ပြောကြားသည်။