“ရေမီတာပျက်စီး/ပျောက်ဆုံး/တပ်ဆင်ထားခြင်းမရှိသော ရေဆက်သွယ်မှုများကို အခြေခံရေသုံးစွဲမှု၏ ခြောက်ဆ ကောက်ခံသွားမည်”
21 Aug
မည်သည့်ရေသုံးစွဲမှု အမျိုးအစားမဆို ရေမီတာ ပျက်စီး/ပျောက်ဆုံး/တပ်ဆင်ထားခြင်းမရှိသော ရေဆက်သွယ် မှုများကို အခြေခံရေသုံးစွဲမှု၏ ခြောက်ဆအထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ သိရပါတယ်။ ထိုကဲ့သို့ ကောက်ခံရခြင်းမှာ တရားမဝင်ရေသုံးစွဲမှုများနှင့် ရေလေလွင့်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ပြီး ရေမီတာတပ်ဆင်ထားခြင်းမရှိပါက မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးရှိ မြို့နယ်(ရေ/သန့်)ရုံးသို့ ဆက်သွယ်ကာ အမြန်ဆုံးတပ်ဆင်ပေးကြရန် ထုတ်ပြန်အသိပေးထားပါတယ်။ အခြေခံရေဖိုးရေခ ကောက်ခံမှုစနစ်အနေနဲ့ အိမ်သုံးအခြေခံရေသုံးစွဲမှုကို လစဉ် ၁ဝ ယူနစ်၊ စီးပွားသုံးအခြေခံ ရေသုံးစွဲမှုကို လစဉ် ၂၀ ယူနစ်၊ လုပ်ငန်းသုံး/စက်ရုံသုံး အခြေခံရေသုံးစွဲမှုကို လစဉ် ၃ဝ ယူနစ်ဖြင့်လည်းကောင်း ကောက်ခံသွားမှာဖြစ်ပါတယ်။ အခြေခံရေသုံးစွဲမှုပမာဏမှာ ရေသုံးစွဲသူပြည်သူများ မဖြစ်မနေပေးဆောင်ရမည့် အနည်းဆုံးပမာဏဖြစ်ကြောင်း၊ ရေဖိုးရေခနှုန်းထားအနေနဲ့ တစ်ယူနစ်လျှင် နိုင်ငံသား(အိမ်သုံး)အတွက် ငွေကျပ် ၃၃၀၊ နိုင်ငံသား(စီးပွားသုံး)အတွက် ငွေကျပ် ၅၅၀၊ နိုင်ငံသား(လုပ်ငန်းသုံး/စက်ရုံသုံး)အတွက် ငွေကျပ် ၆၆၀၊ နိုင်ငံခြားသား(အိမ်သုံး)အတွက် ငွေကျပ် ၈၈၀၊ နိုင်ငံခြားသား(စီးပွားသုံး)အတွက် ငွေကျပ် ၁,၁၀၀၊ နိုင်ငံခြားသား (လုပ်ငန်းသုံး/စက်ရုံသုံး)အတွက် ငွေကျပ် ၁,၃၂၀ နှုန်းထားများဖြင့် အသီးသီး သတ်မှတ်ကောက်ခံသွားမှာဖြစ်ပါတယ်။ သုံးစွဲမှုများလေ၊ နှုန်းထားမြင့်လေ စနစ်အနေဖြင့် မည်သည့်နိုင်ငံသား ရေသုံးစွဲမှုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ငွေကျပ် ၅၅၀ နှုန်းနှင့် ၆၀ ယူနစ်အထက် သုံးစွဲပါက ငွေကျပ် ၆၆၀ နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမှာဖြစ်ပြီး မည်သည့်နိုင်ငံခြားသား ရေသုံးစွဲမှုမဆို ၃၀ ယူနစ်အထက် သုံးစွဲပါက ငွေကျပ် ၁,၁၀၀ နှုန်းနှင့် ၆၀ ယူနစ်အထက် သုံးစွဲပါက ငွေကျပ် ၁,၃၂၀ နှုန်းသို့ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)၏ ထုတ်ပြန်ချက်အရ သိရပါတယ်။ (NVS-004)