“ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ဒေသများသို့ အလှူရှင်များသွားလာနိုင်ရန် လမ်းကြောင်း ၄ခုစီစဉ်ပေးထား”
21 Aug
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေဘေးသင့်ပြည်သူများထံ သွားရောက်ကူညီလှူဒါန်းလိုတဲ့ ပရဟိတအသင်း အဖွဲ့များနှင့် စေတနာရှင်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် နယ်မြေကွပ်ကဲရေးအဖွဲ့များက လမ်းကြောင်း ၄ ခုမှာ ၆ ဘီးမော်တော်ယာဉ်များနှင့် စက်လှေများစီစဉ်ပေးထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကနေ သိရပါတယ်။ ကူညီပို့ဆောင်ပေးနေတဲ့ လမ်းကြောင်းများမှာ ကျုံပျော်-ရှားခဲ-နိဗ္ဗာန်-ဟင်္သာတလမ်းကြောင်းကို မော်တော်ယာဉ်နဲ့လည်းကောင်း၊ နိဗ္ဗာန်-ယုန်သလင်း-ခမောက်စု အထိမော်တော်ယာဉ်ဖြင့် သွားရောက်ပြီး ခမောက်စု မှ အိုင်သပြု သို့ စက်လှေဖြင့်လည်းကောင်း စီစဉ်ပေးထားပါတယ်။ ဒါ့အပြင် ဟင်္သာတ-တလုတ္ထော် လမ်းကြောင်းကို မော်တော်ယာဉ်ဖြင့် သွားလာနိုင်ပြီး သင်္ကန်းတော-လေးမျက်နှာ-စာရေးကွင်း လမ်းကြောင်းကို စက်လှေဖြင့် သွားလာ နိုင်ရန် စီစဉ်ထားရှိပါတယ်။ ဟင်္သာတ-တလုတ္ထော်-မြို့ကွင်းတံတား-ခြောက်ရွာ-ကျွဲသောင်-မှန်ကုန်းလမ်း-ဆိတ်နို့ကုန်း -လေးမျက်နှာတံတား လမ်းကြောင်းကိုလည်း မော်တော်ယာဉ်နဲ့ ကူညီပို့ဆောင်ပေးလျက် ရှိပါတယ်။ သို့သော် ရေတက်၊ ရေကျအခြေအနေနှင့် လမ်းခရီးအခြေအနေများသည် အချိန်နှင့်အမျှ ပြောင်းလဲနိုင်သဖြင့် အလှူရှင်များအနေဖြင့် ခရီးမထွက်မီ သက်ဆိုင်ရာမြေပြင်တာဝန်ရှိသူများထံ ဆက်သွယ်၍ နောက်ဆုံးအခြေအနေကို စုံစမ်းပြီးမှ သွားလာကြရန် တာဝန်ရှိသူများက မေတ္တာရပ်ခံထားပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရေဘေးသင့်ဒေသများသို့ လာရောက်ကူညီလှူဒါန်းနေတဲ့ ပရဟိတ အသင်းအဖွဲ့များနှင့် စေတနာရှင်များကို ကျေးဇူးတင်ရှိကြောင်းနှင့် အားလုံး၏ ပူးပေါင်းကူညီမှုဖြင့် ရေဘေးသင့် ဒေသများ ပုံမှန်အခြေအနေသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း ထုတ်ပြန်ထားပါတယ်။ (NVS 008)