“သီလဝါ SEZ မှာ ၃ ဒသမ ၃၇ မဂ္ဂါဝပ် ဆိုလာစွမ်းအင် ရှေ့ပြေးစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စတင်ဖြန့်ဖြူး”
21 Aug
သီလဝါအထူးစီးပွားရေးဇုန်(ဇုန်-အေ)အတွင်း အကောင်အထည်ဖော်ထားတဲ့ ၃ ဒသမ ၃၇ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ရှေ့ပြေးစီမံကိန်း ပြီးစီးခဲ့ပြီး ဇုန်အတွင်းရှိ စက်မှုလုပ်ငန်းများနှင့် R&C ဧရိယာသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း မြန်မာသီလဝါ အက်(စ်)အီးဇက် ဟိုးဒင်း ပတ်ဘလစ် အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (MTSH) က ထုတ်ပြန်ချက်အရ သိရပါတယ်။ MTSH ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်တဲ့ သီလဝါပရောပါတီးဒက်ပလော့မင့်လီမိတက် (TPD) က အကောင်အထည် ဖော်ခဲ့တဲ့ အဆိုပါစီမံကိန်းကို ၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းမှာ တည်ဆောက်ပြီးစီးခဲ့ပြီး ဇူလိုင်လ ၃၁ ရက်မှာ တရားဝင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါတယ်။ စီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ၄ ဒသမ ၇၃ သန်း ကီလိုဝပ်နာရီခန့် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ထုတ်လုပ်တဲ့ လျှပ်စစ်ဓာတ်အားအနက် ၂ ဒသမ ၆၈၅ မဂ္ဂါဝပ်ကို သီလဝါအထူးစီးပွားရေးဇုန်အတွင်းရှိ စက်မှုလုပ်ငန်း များသို့ ဖြန့်ဖြူးပေးမည်ဖြစ်ပါတယ်။ ကျန်ရှိနေတဲ့ ၀ ဒသမ ၆၈၈ မဂ္ဂါဝပ်ကို ဘက်ထရီစွမ်းအင်သိုလှောင်စနစ် (BESS) မှတစ်ဆင့် TPD ၏ R&C ဧရိယာရှိ ဟိုတယ်များ၊ ငှားရမ်းနေထိုင်သူများနှင့် လုပ်ငန်းရှင်များထံ On-grid နှင့် Hybrid Operating Model များအသုံးပြု၍ ရေရှည်ဓာတ်အားဝယ်ယူရေး သဘောတူညီချက်အောက်တွင် ဖြန့်ဖြူးပေးလျက် ရှိပါတယ်။ အဆိုပါစီမံကိန်းမှာ နေရောင်ခြည်စွမ်းအင်ထုတ်လုပ်ခြင်း၊ ဘက်ထရီနဲ့ စွမ်းအင်သိုလှောင်ခြင်းနှင့် လျှပ်စစ် ဓာတ်အားဖြန့်ဖြူးခြင်းတို့ကို ပေါင်းစပ်ထားပြီး သီလဝါအထူးစီးပွားရေးဇုန်နှင့် အနီးဝန်းကျင်ရှိ စက်ရုံများအတွက် အကောင်အထည်ဖော်တဲ့ ပထမဆုံးရှေ့ပြေးစီမံကိန်းတစ်ခုပါတယ်။ (NVS 008)