“ရန်ကုန်မြို့ရှိ အထပ်မြင့်တိုက်ခန်းများအတွက် သီးခြားဥပဒေပြဋ္ဌာန်းရန် အဆိုကို ထောက်ခံဆွေးနွေး”
21 Aug
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကွန်ဒိုမဟုတ်တဲ့ အထပ်မြင့်စုပေါင်းတိုက်ခန်းများအတွက် သီးခြားဥပဒေ တစ်ရပ်ရေးဆွဲပေးရန် အစိုးရအဖွဲ့ကို တိုက်တွန်းတဲ့အဆိုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။ ၎င်းအဆိုကို ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က စတင် တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၂၀ ရက် လွှတ်တော်အစည်းအဝေးမှာ ကိုယ်စားလှယ် ၅ ဦးက ပါဝင်ထောက်ခံ ခဲ့ကြပါတယ်။ လက်ရှိမှာ အဆောက်အအုံဆောက်လုပ်ခွင့်(BCC)မရသေးတဲ့ တိုက်ခန်းများနှင့် စည်းကမ်းမဲ့ ဆောက်လုပ်မှုများကို စည်ပင်ဥပဒေဖြင့်သာ ထိန်းချုပ်နေရသဖြင့် အသေးစိတ်ကျတဲ့ သီးခြားဥပဒေလိုအပ်နေကြောင်း အဆိုရှင်က တင်ပြခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအရ ဥပဒေပေါ်ပေါက်လာပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများမှာ ဝယ်ယူသူများအကာအကွယ်ရရှိခြင်း ကြိုပွိုင့်စနစ်ဖြင့် ဝယ်ယူရာမှာ တိုက်ခန်း ထပ်မံရောင်းခံရခြင်းနှင့် သတ်မှတ်ချက်မညီဘဲ ဆောက်လုပ်ခြင်းများမှ အကာအကွယ်ရရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပိုင်ဆိုင်ခွင့်ရှင်းလင်းလာခြင်း၊ တိုက်ခန်း ပိုင်ဆိုင်ခွင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ အမွေဆက်ခံခြင်း နှင့် ပိုင်ရှင်/မြေရှင် အငြင်းပွားမှုများကို ဥပဒေအတိုင်း တိကျစွာဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ဘုံဧရိယာ ထိန်းသိမ်း နိုင်ခြင်း မီးဘေးကာကွယ်ရေးနှင့် ယာဉ်ရပ်နားစခန်းကဲ့သို့ အများသုံးနေရာများကို စီမံခန့်ခွဲမည့် တာဝန်ရှိသူကို ရှင်းလင်းစွာသတ်မှတ်နိုင်မှာဖြစ်ပါတယ်။ အဆိုပါဥပဒေက ပြည်သူများ၏ အိမ်ရာပိုင်ဆိုင်မှု လုံခြုံရေး၊ မြို့ပြဖွံ့ဖြိုးရေး နှင့် မြေရှင်၊ ဆောက်လုပ်သူ၊ အခန်းဝယ်ယူသူတို့အကြား ပဋိပက္ခများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်မယ်လို့ ကိုယ်စားလှယ်များက သုံးသပ်ထားကြပါတယ်။ (NVS 008)