“ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါကူးစက်ပြန့်ပွားမှု မထိန်းချုပ်နိုင်သေးဟု WHO ပြော”
21 Aug
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ အီဘိုလာရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်ဝေးကွာနေဆဲ ဖြစ် ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ညွှန်ကြားရေးမှူးချုပ် တက်ဒရို့စ်အက်ဒ်ဟာနွန်ဂီဘရီယက်ဆု က ပြောကြားသည်။ မေလအတွင်းမှစတင်ပျံ့နှံ့ခဲ့သည့် အဆိုပါဗိုင်းရပ်စ်သည် နိုင်ငံအတွင်း ဆက်လက်ကူးစက်ပျံ့နှံ့ နေဆဲ ဖြစ်သည်။ ယင်းကာလအတွင်း လူပေါင်း ၅,၀၀၀ နီးပါး ရောဂါကူးစက်ခံရပြီး ၂,၃၀၀ ကျော် သေဆုံးခဲ့ရသည်။ ယခုတစ်ကြိမ်ရောဂါဖြစ်ပွားမှုမှာ ယခင်အီဘိုလာကူးစက်မှုများထက် ပိုမိုလျင်မြန်ကြောင်း ဩဂုတ်လ ၁၈ ရက်က ပြုလုပ်သည့် ကျွမ်းကျင်သူများအစည်းအဝေးတွင် တက်ဒရို့စ်က ပြောကြားသည်။ လက်ရှိတွင် အီဘိုလာရောဂါကို ဖြစ်ပွားစေသော ဘွန်ဒီဘူဂျိုဗိုင်းရပ်စ်အတွက် ထိရောက်သော ကာကွယ် ဆေးထုတ်ပြန်ထားပြီး မရှိသေးကြောင်း ဆေးဘက်ဆိုင်ရာအထောက်အပံ့များနှင့် ကျန်းမာရေးဝန်ထမ်းအင်အား တိုးမြှင့်ပေးရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆောင်ရွက်လျက်ရှိသည်။ လာမည့်သီတင်းပတ်များအတွင်း ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကျန်းမာရေးဝန်ထမ်း ၁,၀၀၀ ကျော်ကို တာဝန်ချထားပေးရန် ရည်ရွယ်ထားကြောင်း အရာရှိများက ပြောသည်။ ထို့ပြင် လာမည့်လများအတွင်း ဆေးရုံခုတင်အရေအတွက်ကိုလည်း ၃,၀၀၀ အထိ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ဆက်လက်ပြောကြားသည်ဟု NHK သတင်းဌာနဖော်ပြချက်အရ သိရသည်။