“အီရန်ကို ကူညီနေသည့် နိုင်ငံများကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် သတိပေး”
21 Aug
အီရန်နိုင်ငံကို အကူအညီများပေးနေသည့် မည်သည့်နိုင်ငံမဆို စီးပွားရေးအရ နောက်ဆက်တွဲဆိုးကျိုးများ နှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ဩဂုတ်လ ၂၀ ရက်တွင် သတိပေးပြောကြားခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ငါးလကျော်ကြာ အီရန်စစ်ရေးပဋိပက္ခအဆုံးသတ်နိုင်ရေးအတွက် သံတမန် နည်းအရ ကြိုးပမ်းမှုများ မရေမရာဖြစ်နေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အဆိုပါသတိပေးချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ အီရန်နိုင်ငံကို ဘဏ္ဍာရေးအရ၊ စီးပွားရေးအရ ဆက်လက်အသက်ဆက်နိုင်ရန် အကူ အညီများပေးနေသည့် မည်သည့်နိုင်ငံမဆို စီးပွားရေးအရ ပြင်းထန်သောနောက်ဆက်တွဲဆိုးကျိုးများနှင့်ရင်ဆိုင်ရ မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာ၌ ရေးသားထားသည်။ သို့ရာတွင် အီရန်နိုင်ငံကို ကူညီနေသောနိုင်ငံများကို အမေရိကန်နိုင်ငံက မည်သို့တုံ့ပြန်အရေးယူမည်ကို သမ္မတ ဒေါ်နယ်ထရမ့်က အသေးစိတ်ထုတ်ဖော်ပြောကြားထားခြင်း မရှိသေးကြောင်း သိရသည်။ အမေရိကန် နိုင်ငံ၏ အရှေ့အလယ်ပိုင်းမဟာမိတ်နိုင်ငံဖြစ်သည့် ယူအေအီးနိုင်ငံကမူ အီရန်နိုင်ငံနှင့်ကုန်သွယ်ရေးဆက်ဆံမှု၊ စီးပွားရေးဆက်ဆံမှုပုံစံအားလုံး ရပ်ဆိုင်းထားသည်ဟု ဩဂုတ်လ ၁၈ ရက်တွင် ကြေညာထားကြောင်း RT သတင်းဌာန ဖော်ပြချက်အရ သိရသည်။