“ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်ရွေးချယ်ပွဲ၌ အီကွေဒေါအမျိုးသမီးဝါရင့်သံတမန် အိုင်ဗွန်နီဘာကီ ပါဝင် လာ”
20 Aug
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်ရွေးချယ်ပွဲတွင် အီကွေဒေါအမျိုးသမီးဝါရင့်သံတမန် အိုင်ဗွန်နီဘာကီ ပါဝင်လာကြောင်း ဩဂုတ်လ ၁၈ ရက် သတင်းများတွင် ရေးသားခဲ့ကြသည်။ အိုင်ဗွန်နီဘာကီသည် အီကွေဒေါ အစိုးရအဖွဲ့တွင် ဝန်ကြီးအဖြစ်လည်းကောင်း၊ ပြင်သစ်၊ ကာတာ၊ အမေရိကန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်သည်။ အိုင်ဗွန်နီဘာကီကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲအတွက် ကိုယ်စားလှယ်လောင်းတစ်ဦးအဖြစ် တွန်ဂါနိုင်ငံ က အမည်စာရင်းတင်သွင်းခဲ့ခြင်း ဖြစ်သည်။ အိုင်ဗွန်နီဘာကီသည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်ရွေးချယ်ပွဲ၌ ပါဝင်ယှဉ်ပြိုင်မည့် ဒုတိယမြောက် အီကွေဒေါနိုင်ငံသားဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်မည့် အဋ္ဌမမြောက်ကိုယ်စားလှယ်လောင်း ဖြစ်သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်သစ် ရွေးချယ်ပွဲအတွက် အလွတ်သဘောမဲခွဲပွဲကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဩဂုတ်လ ၂၁ ရက်တွင် ကျင်းပရန်စီစဉ်ထားကြောင်း လက်ရှိကုလသမဂ္ဂလုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ ဒိန်းမတ်နိုင်ငံ က ပြောကြားထားသည်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်သစ်ရွေးချယ်ပွဲ၌ အနိုင်ရရှိခဲ့သူသည် လာမည့်နှစ် ဇန်နဝါရီလတွင် စတင်ရယူရမည်ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။