“ဆီးရီးယားအနောက်မြောက်ဘက်ရှိ လေတပ်စခန်းတစ်ခုအား အစ္စရေး၏တိုက်ခိုက်မှုကို တူကီယဲဝေဖန်”

20 Aug

ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ လေတပ်စခန်းတစ်ခုကို အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့မှုနှင့်ပတ်သက်၍ တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၈ ရက်တွင် ဝေဖန်ပြောကြား ခဲ့ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ဆီးရီးယားအနောက်မြောက်ပိုင်း အလက်ပိုမြို့အနီးရှိ အဘူ အယ်လ်ဒူဟာ လေတပ်စခန်းကို အစ္စရေးစစ်လေယာဉ်များက ဩဂုတ်လ ၁၈ ရက်တွင် လေကြောင်းတိုက်ခိုက်မှု ရှစ်ကြိမ်ထိ ပြုလုပ်ခဲ့ကြောင်း ဆီးရီးယားအစိုးရမီဒီယာများက သတင်းထုတ်ပြန်ထားသည်။ အစ္စရေး၏ အဆိုပါ လေကြောင်းတိုက်ခိုက်မှုများသည် ဆီးရီးယားနိုင်ငံ၏ အချုပ်အခြာနယ်မြေ တည်တံ့ခိုင်မြဲမှုကို ချိုးဖောက်ရာ ရောက်သည့် တိုက်ခိုက်မှုများဖြစ်ကြောင်း တူကီယဲနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ ဆီးရီးယားနိုင်ငံသည် အဘူအယ်လ်ဒူဟာ လေတပ်စခန်း၌ တူကီယဲတပ်ဖွဲ့ဝင်များ ဖြန့်ကြက်ခွင့်ပေးရန် ပြင်ဆင်နေခြင်းဖြင့် အစ္စရေးနှင့်ဆီးရီးယားတို့ကြား ရှိရင်းစွဲစစ်ရေးအခြေအနေကို ပြောင်းလဲရန် ကြိုးပမ်းနေ ကြောင်း အစ္စရေးအစိုးရက စွပ်စွဲပြောကြားထားသည်။ တူကီယဲနှင့်အစ္စရေးနိုင်ငံတို့သည် ဂါဇာကမ်းမြောင်ဒေသနှင့် ပတ်သက်၍ ဆက်ဆံရေးတင်းမာနေသည့် နိုင်ငံများ ဖြစ်ကြသည်။ အစ္စရေးတပ်မတော်သည် ယခုနှစ်မေလ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဩဂုတ်လ ၁၈ ရက်တွင် ဆီးရီးယားအစိုးရပစ်မှတ်များကို တိုက်ခိုက်ခဲ့ခြင်း ဖြစ် ကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

20 Aug

ADVERTISE HERE .