“အထူးကုဆရာဝန်များပါဝင်တဲ့ ရွေ့လျားဆေးကုသယာဉ်ဖြင့် စက်ရုံများမှာ ကျန်းမာရေးစောင့်ရှောက်မှုပေး”

20 Aug

လူမှုဖူလုံရေးအကျုံးဝင် အာမခံအလုပ်သမားများ လုပ်ငန်းခွင်မပျက် ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရန်နှင့် စွမ်းအားပြည့် ကုန်ထုတ်လုပ်နိုင်စေရန် အထူးကုဆရာဝန်များပါဝင်တဲ့ ရွေ့လျားဆေးကုသယာဉ်နဲ့ စက်ရုံအရောက် ကွင်းဆင်းဆေးကုသပေးလျက်ရှိကြောင်း သိရပါတယ်။ အလုပ်သမားဆေးရုံကြီးများမှ အထူးကုဆရာဝန်များပါဝင်တဲ့ ရွေ့လျားဆေးကုသရေးအဖွဲ့က ဩဂုတ်လ ၁၈ ရက်က G & F (Myanmar) Garment Co., Ltd. (CMP) အထည်ချုပ်စက်ရုံရှိ အာမခံအလုပ်သမား ၁,၆၈၈ ဦးကို လိုအပ်တဲ့ ဆေးကုသမှုများနှင့် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ အခုလိုကွင်းဆင်းဆောင်ရွက်ရာမှာ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ၊ ECG စက်ဖြင့် နှလုံးစစ်ဆေးခြင်းနှင့် မျက်စိ စစ်ဆေးခြင်းတို့ကိုပါ ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။ ကွင်းဆင်းဆေး ကုသပေးနေမှုကို အလုပ်သမားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး စက်ရုံ၏ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကော်မတီ၊ အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ ပါတယ်။ လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ဆေးရုံ၊ ဆေးခန်းများနှင့် အလှမ်းဝေးတဲ့ စက်ရုံ၊ အလုပ်ဌာနများမှ အာမခံ အလုပ်သမားများအတွက် ရွေ့လျားဆေးကုသယာဉ်လေးစီးနဲ့ ကွင်းဆင်းကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း အာမခံအလုပ်သမား ၁၃၆,၁၃၀ ဦး နှင့် ၂၀၂၆ ခုနှစ် ဧပြီလမှ ဇူလိုင်လအထိ ၅၈,၂၈၅ ဦး တို့ကို စက်ရုံအရောက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

20 Aug

ADVERTISE HERE .