“၂၀၂၇ ဟာဘင်ရေခဲပွဲတော်တွင် ရွှေတိဂုံဘုရားပုံတူ ခင်းကျင်းပြသနိုင်ရေး မြန်မာ-တရုတ် ဆွေးနွေး”
20 Aug
၂၀၂၇ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပမည့် တရုတ်နိုင်ငံ၏ ထင်ရှားတဲ့ ဟာဘင်ရေခဲပွဲတော်မှာ မြန်မာနိုင်ငံ၏ အထင်ကရ ရွှေတိဂုံဘုရားပုံတူကို ဖန်တီးခင်းကျင်းပြသနိုင်ရေး မြန်မာနှင့် တရုတ် နှစ်ဖက်တာဝန်ရှိသူများ ဆွေးနွေးခဲ့ ကြောင်း သိရပါတယ်။ ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ် ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အဖွဲ့ကို ဩဂုတ်လ ၁၈ ရက် နံနက်ပိုင်းက နေပြည်တော်၌ လက်ခံတွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။ တွေ့ဆုံစဉ်မှာ (၈) ကြိမ်မြောက် ဟေလုံကျန်းပြည်နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညီလာခံ ခရီးစဉ် အတွင်း နှစ်နိုင်ငံခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ဆွေးနွေးခဲ့ကြပြီး ဟာဘင်ရေခဲပွဲတော်၌ ရွှေတိဂုံဘုရားပုံတူ ခင်းကျင်းပြသနိုင်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ခရီးသွားဆွဲဆောင်ရာနေရာများဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန်ဖြန့်ဝေရေး၊ ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Forum နှင့် Roadshow များ ကျင်းပရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းများ ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံ၏ ဟိုတယ်လုပ်ငန်းကဏ္ဍတွင် တရုတ်လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ရေးနှင့် အနာဂတ်တွင် နှစ်နိုင်ငံအကြား ဟိုတယ်နှင့်ခရီးသွားကဏ္ဍအပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့် နိုင်ရေးကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။ (NVS 008)