“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ရင်းရင်းနှီးနှီးတွေ့ဆုံ”
19 Aug
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က ဩဂုတ်လ ၁၈ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီတွင် မော်စကိုမြို့၊ ကရင်မလင်နန်းတော်၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတ မစ္စတာ ဗလာဒီမာ ပူတင် နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင် အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သော ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးတို့ တက်ရောက် ခဲ့ပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတနှင့်အတူ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ သမ္မတ၏လက်ထောက်နှင့် အစိုးရအဖွဲ့အကြီးအကဲများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာ ပူတင် က ခရီးဦးကြို နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရုရှား-အာဆီယံအဖွဲ့အကြား ပူးပေါင်းဆောင်ရွက်ရေးကို အကူအညီပေးသည့်အတွက် မိမိတို့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံတကာမျက်နှာစာတွင် တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးနယ်ပယ်တွင်လည်း ပိုမိုပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ကြောင့် ပူးပေါင်းဆောင်ရွက်၍ရသည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ လုံခြုံရေးနယ်ပယ်တွင်လည်း နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း၊ ယခုရုရှားနိုင်ငံသို့ ခရီးစဉ်အတွင်း တွေ့ဆုံဆွေးနွေးပွဲများ၊ လေ့လာစရာများရှိပြီး ခရီးစဉ်အတွင်း နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်အသီးသီးကို အသေးစိတ်ဆွေးနွေးဆောင်ရွက်သွားနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတက ပြန်လည်ဆွေးနွေးရာတွင် မိမိတို့နှစ်နိုင်ငံ အနေဖြင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးတွင် အရှိန်အဟုတ်ပြင်းစွာဖြင့် တိုးတက်လျက်ရှိနေပြီး ရှေ့ဆက်၍ ပူးပေါင်းဆောင်ရွက်ရန် ကိစ္စရပ်များလည်း များစွာရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာနှင့် ဆက်ဆံရေး နယ်ပယ်များတွင် ပြောင်းလဲတိုးတက်လာပြီဖြစ်ကြောင်း၊ ဆက်လက်လုပ်ဆောင်ရန် နယ်ပယ်များလည်း များစွာ ကျန်ရှိနေပြီး မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ကဏ္ဍပေါင်းစုံတွင် ရုရှားနိုင်ငံအနေဖြင့် နှစ်ပေါင်းများစွာ အားပေးကူညီခဲ့ပြီး လက်ရှိဖွံ့ဖြိုးတိုးတက်မှုများသည်လည်း ရုရှားနိုင်ငံ၏ အားပေးထောက်ခံမှုများစွာပါဝင်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် အနာဂတ်တွင် ခိုင်မြဲစွာရှိနေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံ၏ အရှေ့တောင်အာရှတွင် ယုံကြည်စိတ်ချရသည့် မိတ်ဆွေနိုင်ငံအဖြစ် အမြဲတည်ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။(NVS 008)