“ရုရှားသမ္မတ ပူတင် ၏ ကူရိုင်းကျွန်းစုခရီးစဉ် ဂျပန်ဝေဖန်မှု ရုရှားအစိုးရ တရားဝင်ကန့်ကွက်”

19 Aug

တောင်ပိုင်း ကူရိုင်းကျွန်းစုဒေသသို့ ရုရှားသမ္မတ ပူတင် သွားရောက်ခဲ့မှုနှင့်ပတ်သက်၍ ဂျပန်ဝန်ကြီးချုပ် တာကာအိချီ က ဝေဖန်ပြောကြားခဲ့ပြီးနောက် ရုရှားအစိုးရက ဂျပန်သံအမတ်ကြီးကို ဩဂုတ်လ ၁၈ ရက်တွင် ဆင့်ခေါ်ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။ ရုရှားသမ္မတ ပူတင် သည် ဩဂုတ်လ ၁၃ ရက်တွင် တောင်ပိုင်း ကူရိုင်းကျွန်းစု၏ အိုင်တူရပ်ကျွန်းပေါ်သို့ သွားရောက်ခဲ့ရာ ထိုခရီးစဉ်ကို လက်ခံ၍မရနိုင်သည့်လုပ်ရပ်အဖြစ် ဂျပန်ဝန်ကြီးချုပ် တာကာအိချီ က ပြောကြား ခဲ့သည်။ ဂျပန်ဝန်ကြီးချုပ်၏ အဆိုပါဝေဖန်ချက်နှင့်ပတ်သက်၍ တရားဝင်ကန့်ကွက်စာကို ရုရှားဒုတိယနိုင်ငံခြားရေး ဝန်ကြီး မစ်ခေးလ်ဂလုဇင် က ဂျပန်သံအမတ်ကို ဆင့်ခေါ်ပေးအပ်ခဲ့ကြောင်း သိရသည်။ တောင်ပိုင်း ကူရိုင်းကျွန်းစုသည် ရုရှားအချုပ်အခြာပိုင် နယ်မြေတစ်ခုဖြစ်သည်မှာ ငြင်းချက်ထုတ်ပြန်ရန် မလိုအပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ တောင်ပိုင်း ကူရိုင်းကျွန်းစုကို ဆိုဗီယက်တပ်နီတော်က ဒုတိယကမ္ဘာစစ် ပြီးဆုံးခါနီးကာလတွင် သိမ်းယူခဲ့ပြီး လက်ရှိတွင် ရုရှားနိုင်ငံက ထိန်းချုပ် ထားသည်။ သို့ရာတွင် တောင်ပိုင်း ကူရိုင်းကျွန်းစုမှာ သမိုင်းကြောင်းအရ ဂျပန်နိုင်ငံပိုင်ဆိုင်သည့် ကျွန်းစုဖြစ်ကြောင်း ဂျပန်အစိုးရက ပြောကြားထားပြီး အဆိုပါကျွန်းစုကို ပိုင်ဆိုင်ခွင့်တောင်းဆိုထားကြောင်း သိရသည်။

19 Aug

ADVERTISE HERE .