“ဇူလိုင်လအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်း ခုနစ်သောင်းကျော် တင်ပို့ထား”

18 Aug

၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ ဇူလိုင်လ တစ်လတာကာလအတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တစ်သိန်း ခုနစ်သောင်းကျော် တင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရပါတယ်။ မြန်မာနိုင်ငံမှထွက်ရှိတဲ့ ဆန်နှင့်ဆန်ကွဲကို ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင် ပင်လယ်ရေကြောင်းမှ အဓိက တင်ပို့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁ ရက်မှ ၃၁ ရက်အတွင်း ဆန်နှင့်ဆန်ကွဲ ပို့ကုန်ကုမ္ပဏီ ၅၄ ခုမှ ဆန်တန်ချိန် ၁၄၁,၇၈၂ တန်နှင့် ဆန်ကွဲတန်ချိန် ၂၈,၄၁၃ တန်ကို တင်ပို့နိုင်ခဲ့ရာ အမေရိကန်ဒေါ်လာ ၆၄ သန်းရရှိခဲ့ပါတယ်။ ဇူလိုင်လအတွင်း နိုင်ငံအလိုက် ဆန်တင်ပို့မှုအနေနဲ့ ဖိလစ်ပိုင်နိုင်ငံသို့ တန်ချိန် ၁၂၅,၄၁၆ တန်ဖြင့် အများဆုံး တင်ပို့နိုင်ခဲ့ပြီး ပိုလန်၊ နယ်သာလန်၊ စပိန်နှင့် တရုတ်နိုင်ငံတို့အပါအဝင် နိုင်ငံပေါင်း၂၀ သို့ တင်ပို့နိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆန်ကွဲကိုလည်း တရုတ်နိုင်ငံသို့ ၁၈,၁၁၈ တန်ဖြင့် အများဆုံးတင်ပို့ထားပြီး ဘယ်လ်ဂျီယံ၊ နယ်သာလန်စတဲ့ နိုင်ငံများ အပါအဝင် နိုင်ငံပေါင်းခုနစ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။ (NVS-004)

18 Aug

ADVERTISE HERE .