“မြစ်ရေစိုးရိမ်ရေမှတ်အထက်ကျော်လွန်နေ၍ မြေနိမ့်ပိုင်းနေပြည်သူများ ကြိုတင်ရွှေ့ပြောင်းရန် နှိုးဆော်ထား”
18 Aug
ဧရာဝတီ၊ သံလွင်၊ စစ်တောင်း၊ ငဝန်နှင့် တိုးမြစ်တို့၏ မြစ်ရေများ မြင့်တက်နေမှုကြောင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေနဲ့ ရေဘေး လွတ်ရာနေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နှိုးဆော်ထားရှိပါတယ်။ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ တိုင်းထွာချက်များအရ မြစ်ကြီးငါးစင်း၏ မြစ်ရေများမှာ မြို့ ၇ မြို့မှာ စိုးရိမ်ရေမှတ်အထက် ကျော်လွန်ရောက်ရှိနေပါတယ်။ ဧရာဝတီမြစ်ရေက ဆိပ်သာမြို့မှာ စိုးရိမ်ရေမှတ်အထက် ၂၅ စင်တီမီတာ၊ ဟင်္သာတမြို့တွင် ၄၁ စင်တီမီတာနှင့် ဇလွန်မြို့တွင် ၄၄ စင်တီမီတာ ကျော်လွန်နေပါတယ်။ ဆိပ်သာမြို့၌ နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင်သော်လည်း ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရပါတယ်။ သံလွင်မြစ်ရေက ဘားအံမြို့တွင် စိုးရိမ်ရေမှတ်အထက် ၆၃ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက် အတွင်း ၅ စင်တီမီတာခန့် ကျဆင်းလာနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ပါတယ်။ စစ်တောင်းမြစ်ရေက မဒေါက်မြို့တွင် စိုးရိမ်ရေမှတ်အထက် ၅၇ စင်တီမီတာ၊ ငဝန်မြစ်ရေက ငါးသိုင်းချောင်း မြို့တွင် ၁၃ စင်တီမီတာ ကျော်လွန်နေပြီး နောက်တစ်ရက်အတွင်း ပြန်လည်ကျဆင်းလာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ တိုးမြစ်ရေမှာလည်း မအူပင်မြို့တွင် စိုးရိမ်ရေမှတ်အောက် ၄ စင်တီမီတာ အလိုတွင်ရှိနေပြီး နောက်တစ်ရက် ဒီရေမြင့်တက်ချိန်၌ စိုးရိမ်ရေမှတ်အထက် ၃၀ စင်တီမီတာခန့်အထိ မြင့်တက်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ဒါကြောင့် ဆိပ်သာ မြို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် သတိပြုနေထိုင်ကြရန်နှင့် ဟင်္သာတ၊ ဇလွန်၊ ဘားအံ၊ မအူပင်၊ မဒေါက်နှင့် ငါးသိုင်းချောင်းမြို့တို့ရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် ရေဘေးလွတ်ရာ နေရာများသို့ ကြိုတင်ရှောင်ရှားပြောင်းရွှေ့နိုင်ရန် အသိပေးနှိုးဆော်ထားပါတယ်။ (NVS 008)