“နိုင်ငံတော်သမ္မတဦးဆောင်တဲ့ မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိ”
18 Aug
နိုင်ငံတော်သမ္မတဦးဆောင်တဲ့ မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ဩဂုတ်လ ၁၇ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီမှာ မော်စကိုမြို့ရှိ ဘနုကာဘာအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး Mr. Maxim Gennadievich Reshetnikov၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမိုးအောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov၊ မြန်မာစစ်သံ(ကြည်း၊ရေ၊လေ) ဗိုလ်မှူးချုပ် ကျော်စိုးဦးနှင့် သံရုံး၊ စစ်သံရုံး မိသားစုများက ကြိုဆိုနှုတ်ဆက်ကြပါတယ်။ လေဆိပ်တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်လာရောက်တဲ့ နိုင်ငံ့ခေါင်းဆောင်များအား ကြိုဆိုသည့်အစဉ်အလာနှင့်အညီ ဂုဏ်ပြုကြိုဆိုခဲ့ပါတယ်။ အဲဒီနောက် နိုင်ငံတော်သမ္မတက အလေးပြုခံနေရာ၌ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကာ ဂုဏ်ပြုတပ်ဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို တီးမှုတ်ဂုဏ်ပြု အလေးပြုခဲ့ကြတယ်လို့ သိရပါတယ်။ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတက ရုရှားနိုင်ငံသမ္မတ၊ ရုရှားနိုင်ငံဝန်ကြီးချုပ်၊ ရုရှားနိုင်ငံ ဒူးမားလွှတ်တော် ဥက္ကဋ္ဌတို့နှင့် တွေ့ဆုံဆွေးနွေးခြင်းတို့အပြင် ရုရှားနိုင်ငံအစိုးရပိုင်းမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး မြန်မာ - ရုရှားနှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးကို ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ လုံခြုံရေး၊ လူမှုရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းစေမည့် မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာစေရေးကိစ္စရပ်များကို ဆွေးနွေးသွားမယ်လို့သိရပါတယ်။ (NVS 008)