“ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရားဝင်ပြီးဆုံးရေး တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီးယားသမ္မတအဆိုပြု”
16 Aug
ကိုရီးယားကျွန်းဆွယ်စစ်ပွဲကို တရားဝင်အဆုံးသတ်ရေးအတွက် မြောက်ကိုရီးယားနှင့် တွေ့ဆုံဆွေးနွေးရန် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် က အဆိုပြုခဲ့ကြောင်း Xinhua သတင်းဌာနက ဖော်ပြထားသည်။ ကိုရီးယားကျွန်းဆွယ် ဂျပန်ကိုလိုနီအုပ်ချုပ်မှုအောက်မှ လွတ်မြောက်မှုနှစ်ပတ်လည် အထိမ်းအမှတ် မိန့်ခွန်းတွင် တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် က ထိုသို့ အဆိုပြုခဲ့ခြင်းဖြစ်သည်။ တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံတို့အနေဖြင့် တစ်ဖက်နှင့်တစ်ဖက်ခြိမ်းခြောက်ရေး ရည်ရွယ်ချက်များကို စွန့်လွှတ်၍ ကိုရီးယားကျွန်းဆွယ် စစ်ပွဲ တရားဝင်ပြီးဆုံးရေးအတွက် တွေ့ဆုံဆွေးနွေးသင့်ကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင် က ပြောကြားခဲ့သည်။ ၁၉၅၀- ၁၉၅၃ ခုနှစ် ကိုရီးယားကျွန်းဆွယ်စစ်ပွဲသည် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ဖြင့်သာ ပြီးဆုံးခဲ့ခြင်းဖြစ်ရာ လက်ရှိတွင် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံမှာ စစ်ရေးပဋိပက္ခများ ဖြစ်နေဆဲအခြေအနေ တွင်သာ ရှိသေးသည်။ သို့ရာတွင် ကိုရီးယားကျွန်းဆွယ်စစ်ပွဲ တရားဝင်ပြီးဆုံးရေးအတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီ ချက်နေရာတွင် ငြိမ်းချမ်းရေး သဘောတူညီချက်ဖြင့် အစားထိုးရန်လိုကြောင်း တောင်ကိုရီးယားသမ္မတ လီဂျေး မြောင် က ပြောကြားထားသည်။ လက်ရှိတွင် တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာ တင်းမာနေဆဲဖြစ်ပြီး တောင်ကိုရီးယား သမ္မတ လီဂျေးမြောင် ၏ တွေ့ဆုံဆွေးနွေးရေး ကမ်းလှမ်းချက်များကို မြောက်ကိုရီးယားအစိုးရက ပယ်ချထားကြောင်း သိရသည်။